မိုင်းဆတ်မြို့နယ် ဓာတ်စွမ်ယောင်းစေတီတော်၌ (ဒဿမ)အကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း သိမ်းအောင်ပွဲ အခမ်းအနားကျင်းပ

မိုင်းဆတ် ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ဓာတ်စွမ်ယောင်းစေတီတော်၌ (ဒဿမ)အကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက အဆိုပါစေတီတော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဧည့်ပရိသတ်အပေါင်းတို့က မြို့ဦးကျောင်းတိုက်၊ ပြည်နယ်သံဃာ့ဝန်ဆောင်ဆရာတော်ဘဒ္ဒန္တပဏ္ဍိတထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်တော်မူခဲ့ကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် စေတနာရှင်အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်ဒါန်းခဲ့ကြပြီး ဘုရားတောင်တက်၊ တောင်ဆင်းလမ်းခင်းရာတွင် ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား အမှတ်(၃၈၃)အမြောက်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီးတင်ထွန်းဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ရာ အလှူရှင်များက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ ထေရဝါဒဗုဒ္ဓသာသနာပြုရှုခင်းသာ(၂)ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇဋိလက အနုမောဒနာဂါထာရွတ်ဖတ်တော်မူခဲ့ပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က ဓာတ်စွမ်းဟုန်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တရေဝတထံမှ ရေစက်ချအနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယင်းနောက် ကြွရောက်တော်မူလာသော ဆရာတော်၊ သံဃာတော်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမြင့်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ဆွမ်းဆန်၊ ဆေးနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)