လယ်ဝေး ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ရောက်ရှိနေထိုင်လျက်ရှိသည့် ယာယီနေရပ်စွန့်ခွာသူ မိသားစုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်၍ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က မြို့နယ်အတွင်း လာရောက်နေထိုင်ကြသည့် မိသားစုများကို အားပေးစကားပြောကြားပြီး စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူးနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးဝင်းအောင်က မိသားစုများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ စီစဥ်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် စစ်ဘေးရှောင်မိသားစုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ရောက်ရှိနေထိုင်ကြသည့် ယာယီနေရပ်စွန်ခွာ မိသားစုများအား လူတစ်ဦးလျှင် ဆန်လေးပြည်၊ အိမ်ထောင်စုတစ်စုလျှင် ဆီတစ်ပိဿာနှင့် ဆား၊ ခေါက်ဆွဲခြောက်ထုပ် စသည်တို့ကို အိမ်ထောင်စု ၄၁ စုအတွက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)