မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ ဆောင်းသီးနှံနေကြာစိုက် တောင်သူများနှင့် တွေ့ဆုံ

ချောင်းဆုံ ဖေဖော်ဝါရီ ၁၇

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများ ဆီထွက်နှံနေကြာ ပိုမိုတိုးချဲ့စိုက်ပျိုး၍  ဒေသတွင်းစာသုံးဆီဖူလုံရန်နှင့် သီးနှံများအောင်မြင်ဖြစ်ထွန်း ဝင်ငွေတိုးစေရန်အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်သက်ဆိုင်ရာတာဝန်ရှိသူများမှ ယနေ့နံနက် (၈)နာရီက ကုလာဘီးကျေးရွာရှိ နေကြာစိုက်တောင်သူများထံ ကွင်းဆင်းတွေ့ဆုံခဲ့ကြသည်။

ရှေးဦးစွာ တွေ့ဆုံပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လွင်က ၂၀၂၃-၂၀၂၄ ခုနှစ် မြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ဆီထွက်သီးနှံနေကြာစိုက်ပျိုးထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်းနှင့် တောင်သူများမှ လုပ်ငန်းခွင်လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများမှ တောင်သူများ၏ တင်ပြချက်များကို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နတ်မှော်ကျေးရွာတွင် အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးထားသည့် ပိုက်ဆံလျှော် (သစ်စိမ်း) သဘာဝမြေဩဇာမျိုးစေ့ထုတ်စိုက်ခင်းအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆီထွက်သီးနှံ (၃၂၇၆)ဧကနှင့်  ဆောင်းသီးနှံစုစုပေါင်း (၇၇၃၀)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး  သက်ဆိုင်ရာတာဝန်ရှိသူများမှ တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့်များ ထောက်ပံ့ဆောင်ရွက်ပေးခဲ့ခြင်းကြောင်း ၂၀၂၃-၂၀၂၄ ခုနှစ် ဆီထွက်သီးနှံ (၃၄၁၆)ဧကနှင့် ဆောင်းသီးနှံစုစုပေါင်း (၈၅၄၈)ဧကကို လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)