လောက်ကိုင် နိုဝင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲ (၃) နာရီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးသန်းဌေးနှင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် တွေ့ဆုံ ပွဲအား ဒေသအထွေထွေအုပ်ချုပ်ရေးဦးစီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် တာဝန်ခံ ဦးသန်းဌေးမှ ယခုရွေးကောက်ပွဲကာလတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေချိန်ဖြစ်သည့်အတွက် မဲပေးရာတွင် ကျန်းမာရေးလမ်းညွှန်ချက်များ စံသတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ထားသည့်အတွက် ပြည်သူများ စိုးရိမ်စရာမလိုကြောင်း၊ အသက်(၆၀)နှစ် နှင့် အထက် သက်ကြီး ရွယ်အိုများ ရောဂါကူးစက်မှု မဖြစ်အောင် ယခုနှစ်တွင်ကြိုတင်မဲပေးနိုင်အောင် စီစဉ်ပေးထား ကြောင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆင့်ဆင့်အား ရှင်းလင်းပြောကြား၍ တက်ရောက်လာသည့် ဒေသရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် မိတ်ဆက်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးအာကာ မင်းမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး လုပ်ငန်း ဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ မိမိတို့လုပ်ငန်း ဆောင်ရွက်ချက်များအား ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း)တာဝန်ခံ ဦးသန်းဌေးမှ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းခွာညိုနှင်း (ပြန်/ဆက်)