ဟိုပုံးမြို့နယ်တွင် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေ ကွင်းဆင်းစစ်ဆေး

ဟိုပုံး      နိုဝင်ဘာ     ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေကို ယနေ့ နံနက်ပိုင်း(၁၀)နာရီ အချိန်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ  မဲရုံအမှတ်(၁)နှင့် မဲရုံ အမှတ်(၂) တို့ကို တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာ မောင်မောင်သိန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်သူ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လှိုင်ထွေး၊ မြိုနယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသီဟမျိုးဦး နှင့် တာဝန်ရှိသူများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂) ပြင်ဆင်ထားရှိမှု အခြေအနေ များ ကွင်းဆင်းစစ်ဆေး ခဲ့ကာ ပြည်သူများလာ ရောက်မဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်းကြားချက်များအတိုင်း စီစဉ်ဆောင်ရွက်ပေးရန်နှင့် မဲရုံတွင် လိုအပ်နေမှုများကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဟိုပုံးမြို့နယ်တွင် မြို့ပေါ်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၂)အုပ်စု၊ ကျေးရွာပေါင်း(၂၉၈)ရွာ၊ မဲရုံ (၈၀)ရုံ၊ မဲပေးပိုင်ခွင့်ရှိသူ (၈၂၀၀၀) ခန့်ရှိပြီး၊ အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုအပါအဝင် ကြိုတင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ (၈၃၁၇)ဦး ရှိကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)