ဥတ္တရသီရိ ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ နွေစပါး"ပန်းတိုင်"အထွက်နှုန်းရရှိရေး၊ စိုက်စနစ်ပြောင်းလဲရေးအတွက် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဇလောင်းကျေးရွာအုပ်စု၊ တောင်သူ ဦးထွန်းဝေ၏ ကွင်းအမှတ်(၁၈၈၁)လယ်မြေ (၂)ဧကတွင် ကျင်းပခဲ့သည်။
ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲတွင် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ကျော်ကိုဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးနိုင်နှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးမှူး ဦးသိန်းဝင်းတို့က ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန်ပျိုးထောင်ထားရှိမှု အခြေအနေများ၊ ပျိုးထောင်စိုက်ခြင်းအားဖြင့် မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ ကောက်ကွက်ပြည့်မီခြင်း၊ ပင်ပွားကောင်းမွန်ခြင်း၊ ပေါင်းသတ်ဆေးသုံးစွဲရသက်သာခြင်း၊ စိုက်နည်းစနစ် ကောင်းမွန်ခြင်းတို့ကြောင့် တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရန် သေချာခြင်းတို့ကို ရှင်းလင်းတင်ပြပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။ ဥတ္တရသီရိမြို့နယ်အတွင်း၌ ၂၀၂၄ ခုနှစ်အတွင်း နွေစပါးလျာထားဧက(၅၁၈)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယင်းနောက် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိရပ်ကွက် ကလေးအထူးကုဆေးရုံကြီးရှေ့ သီရိရတနာလမ်းပေါ်ရှိ RCC Box Culvert (၆၀×၅×၅)ပေ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး (တာဝန်ခံ)လက်ထောက်အင်ဂျင်နီယာ ဒေါ်မာလာမြင့်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းများကို သတ်မှတ်စံချိန်၊ စံညွှန်းကိုက်ညီရေး၊ အချိန်မီလုပ်ငန်းပြီးစီးရေး ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)