ညောင်ဦးမြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ၈ရက်နေ့တွင် ကျင်းပမည့် မဲရုံများ မီးဘေးလုံခြုံရေးအတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ချထားပေးမည်

ညောင်ဦး နိုဝင်ဘာ  ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ရက် နေ့တွင် ကျင်းပ ပြုလုပ်သွားမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေး တို့အတွက် မြို့နယ်မီး သတ်ဦးစီးဌာန အနေဖြင့် မဲရုံတစ်ရုံလျှင် မီးဘေးလုံခြုံရေး တာဝန်များ၊ စစ်ဆေး ဆောင်ရွက်နိုင်ရန်အတွက် အရန်မီးသတ် တပ်ဖွဲ့ဝင်တစ်ဦး၊ သဘာဝဘေး အန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ထုတ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေ ကယ်တင်ရေးတပ် ဖွဲ့ဝင်တစ်ဦး စုစုပေါင်းမဲရုံတစ်ရုံလျှင် အရန်မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး နှုန်းစီဖြင့် မဲရုံပေါင်း ၂၃၆ရုံအတွက်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၇၂ဦးအား တာဝန်ချထားသွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူကပြောကြားခဲ့သည်။

ညောင်ဦးမြို့နယ် ရွေးကောက်ပွဲကြိုကာလနှင့် ရွေးကောက်ပွဲနေ့တို့တွင် ရပ်ကွက်/ ကျေးရွာများအလိုက် ဖွင့်လှစ်ထားရှိမည့် မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်နေအိမ်များ မီးလန့်မှု၊ မီးလောင်မှုများမဖြစ်ပေါ်စေရေးအတွက်၊ မီးဘေးကြိုတင်ကာကွယ်စစ်ဆေးခြင်း၊ အသိပညာပေးခြင်း၊ မီးသတိမူရေး လှည့်လည် ဆော်ဩခြင်း လုပ်ငန်းများ အား မြို့နယ်/မီးသတ် စခန်းနယ်မြေများအလိုက် နိုဝင်ဘာ ၁ ရက်နေ့၊ နံနက်ပိုင်းက စတင်ကာ မြို့နယ်/နယ်မြေ မီးသတ်စခန်း အသီးသီးရှိ တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များဖြင့် ပူး‌ပေါင်း၍ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် မီးဘေးဆော်ဩခြင်း လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ရှင်းလင်းပြောကြားခဲ့သည်။

မြို့နယ်(ပြန်/ဆက်)