မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ကျောက်ဆည်မြို့နယ်အတွင်းရှိ MSME စားသောက်ကုန်လုပ်ငန်းများ၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု

ချမ်အေးသာစံ ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ MSME စားသောက်ကုန်လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ယမန်နေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဆည်မြို့ ရဲစုရပ်ကွက်ရှိ  မြဘုရင်နို့ချက်စက်ရုံသို့ ရောက်ရှိပြီး မြဘုရင်နို့ချက်စက်ရုံပိုင်ရှင် ဦးဝင်းဗိုလ်က မြဘုရင်မွေးမြူရေးခြံနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုစက်ရုံ သမိုင်းအကျဉ်း၊ စက်ရုံ၏ လက်ရှိနွားမွေးမြူမှုအနေဖြင့် ဖရီရှန် နို့စားနွား၊ ဒေသနွား စုစုပေါင်းနွားကောင်ရေ(၂၃၀)ကောင် မွေးမြူထားရှိမှုနှင့် နို့ပေးကောင်ရေ (၄၅)ကောင်မှ နို့ထွက်ရှိမှု၊ စက်ရုံ၏ မွေးဘက်စနစ်ဖြင့် နွားမွေးမြူမှုအနေဖြင့် ဒေသနွားအမ(၅၀၀)ကောင် မွေးမြူထားရှိမှုနှင့် နို့ပေးကောင်ရေ (၂၅၀)ကောင်မှ နို့ထွက်ရှိမှု၊ တိရစ္ဆာန်အစာပင် နေပီယာပတ်ချောင်း (၁)စိုက်ပျိုးထုတ်လုပ်မှု၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုအနေဖြင့် နို့ဆီ၊ နို့စိမ်း၊ နို့ဆီခဲနှင့် နို့မှုန့် ထုတ်လုပ်နေမှု၊ နွားနို့ ကုန်ကြမ်းရရှိမှုအခြေအနေနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးပေးနေမှုတို့အား PowerPoint ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်က နိုင်ငံ၏စီးပွားမြှင့်တင်ရေး၊ စားရေရိက္ခာဖူလုံရေးတို့ကို အလေးထားဆောင်ရွက်နေပါကြောင်း၊ ပြည်တွင်းလုပ်ငန်းရှင်များကို အားပေးအားမြှောက် ပြုလျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များသည် အတွေ့အကြုံရှိပြီး အသိပညာရှင် အတတ်ပညာရှင်များဖြစ်ပါကြောင်း၊ နို့နှင့် နို့ထွက်ပစ္စည်းများသည် လူသားတို့၏ ကျန်းမာကြံ့ခိုင်ရေးနှင့် ဉာဏ်ရည်မြင့်မားတိုးတက်ရေးတွင် အရေးပါသည့် အခန်းမှပါဝင်ပြီး ပိုမိုစားသုံးလာပါကြောင်း၊ ပြည်ပမှနို့ထွက်ပစ္စည်း တင်သွင်းမှုကိုလျော့နည်းစေရန် သွင်းကုန်အစားထိုးနိုင်ရေး၊ ခေတ်မီနည်းပညာများဖြင့် အရည်အသွေးကောင်းမွန်ပြီး အာဟာရတန်ဖိုးမြင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်သွားနိုင်ရေးနှင့် ပြည်တွင်း၌ဖူလုံပြီး ပိုလျှံပါက ပြည်ပသို့ တင်ပို့နိုင်သည်အထိ ရည်မှန်းချက်ထားကာ ကြိုးစားဆောင်ရွက်စေချင်ပါကြောင်း၊ နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏စီးပွားမြှင့်တင်ရေးအားများ စွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား စက်ရုံပိုင်ရှင် ဦးဝင်းဗိုလ်က စက်ရုံအတွင်း နို့ကုန်ကြမ်းမှစတင်၍ နို့ထွက်ပစ္စည်းကုန်ချောများထုတ်လုပ်ပုံ အဆင့်ဆင့်ကိုလည်းကောင်း၊ မွေးမြူရေးခြံတွင် နို့စားနွားများ မွေးမြူထားရှိမှုအခြေအနေများကိုလည်းကောင်း လိုက်ပါရှင်းလင်းပြသခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်းဒိုင်းကျေးရွာရှိ ဒီနေလင်း ဒိန်ချဉ်၊ နွားနို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းသို့ရောက်ရှိပြီး လုပ်ငန်းရှင်က နွားနို့လုပ်ငန်းအား တစ်ပိုင်တစ်နိုင် စတင်လုပ်ကိုင်ခဲ့ရာမှ ဒိန်ချဉ်လုပ်ငန်းအား တိုးချဲ့လုပ်ကိုင်ဆောင်ရွက်နေမှု၊ ဒိန်ချဉ်၊ နို့အေးနှင့် နွားနို့ထုတ်လုပ်မှုနှင့် နို့ကုန်ကြမ်းရရှိမှုအခြေအနေနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးပေးနေမှုတို့အား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်က အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်နေမှုများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်း MSME ၊စိုက်ပျိုးရေး၊မွေးမြူရေး ဆောင်ရွက်နေသည့် လုပ်ငန်းနေရာများသို့ မြေပြင်ကွင်းဆင်းကြည့်ရှု၍ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများကို ပြောကြားပြီး လုပ်ငန်းအတွင်း လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။