လားရှိုးမြို့ မြန်မာဆက်သွယ်ရေးလုပ်ငန်းရုံး MPT တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ ဆောင်ရွက်

လားရှိုး ဖေဖော်ဝါရီ ၁၇

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ လားရှိုးမြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်နည်းဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က လားရှိုးမြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးတွင် ပြုလုပ်သည်။

အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ်တွင် မြန်မာဆက်သွယ်ရေးလုပ်ငန်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်မန်နေဂျာ ဦးမြတ်ဇင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းသစ်နှင့် ဒုတိယမီးသတ်ဦးစီးမှူး ဦးထွန်းနိုင်ဦးတို့က မီးဘေးဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်များ၊ မီး၏ သဘောသဘာဝများ၊ မီးငြိမ်းသတ်နည်းများကို အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးမှ ဝန်ထမ်းများ၊ မိသားစုဝင်များကို မီးငြိမ်းသတ်နည်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)