ဟိုပန် နိုဝင်ဘာ ၂
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲကာလအတွင်း မီးဘေးအန္တရာယ် ဖြစ်ပွား လာပါက အမြန်မီးငြှိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့ မွန်းလွဲ(၂)နာရီ အချိန်က ဟိုပန်မြို့၊ရုံးကုန်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ရွေးကောက်ပွဲကာလအတွင်း မီးလောင်မှု/ မီးထိတ် လန့်မှုဖြစ်ပွားလာပါက အမြန်ဆုံး မီးငြှိမ်းသတ်နိုင်ရေးနှင့် မီးသင့်လူနာများ မည်သို့ကယ်ထုတ်မည် ဆိုသည်များကို အဓိကထား လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဟိုပန် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်နိုင်မိုးမှ ပြောကြားခဲ့သည်။
“ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ မီးသတ်ဦးစီးဌာနတွင် မီးသတ်ယာဉ်(၃)စီးနှင့် ရေသယ်ယာဉ် (၃)စီးရှိကာ ရွေးကောက်ပွဲကာလအတွင်း ရပ်ကွက်/ကျေးရွာများသို့ ဖြန့်ကြက်ချထား ဆောင်ရွက်သွားမည် ဖြစ်သည်။
ခရိုင်(ပြန်/ဆက်)