မုဒုံ ဖေဖော်ဝါရီ ၁၇
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလများ၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားနည်း(၅)မျိုးကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အခမဲ့သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသား/သူများ၊ မြို့နယ်အတွင်းရှိ အားကစားဝါသနာရှင် လူငယ်မောင်မယ်များ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေပြီး အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ပြည်နယ်အတွင်း ထူးချွန်ထက်မြတ်သည့် အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ အားကစားနည်းသင်တန်း(၅)မျိုးကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်နီစံက ပြောသည်။
သင်တန်းဖွင့်လှစ်မည့် အားကစားနည်းများမှာ ဘောလုံးအားကစားနည်း၊ ဖူဆယ်အားကစားနည်း၊ ကြက်တောင်ရိုက်အားကစားနည်း၊ ဘတ်စကတ်ဘောအားကစားနည်း၊ ဂေါက်သီးရိုက်အားကစားနည်း(၅)မျိုးအပြင် အခြားအားကစားနည်းများတို့ကို ဖေဖော်ဝါရီ ၂၃ မှ မတ် ၁၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)