မိုးကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

မိုးကုတ် ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ Book Club အဖွဲ့ဝင်များမှ စာရေးဆရာအောင်သင်းရေးသားသည့် “မရေးရဲကြသူများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၃)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မိုးကုတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ကြည်ကြည်နွဲ့က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ  စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး Book Club အဖွဲ့ဝင် ဒေါငြိမ်းငြိမ်းအိက စာရေးဆရာအောင်သင်းရေးသားသည့် “မရေးရဲကြသူများ” စာအုပ်မှ “ဆရာ” ခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးရာ "ဆရာဟူသော ဝေါဟာရနှင့်ပတ်သက်၍ ကျွန်တော်တို့မြန်မာလူမျိုးများနှင့် အနောက်တိုင်းသားတို့၏ ရင်တွင်းအနက်ဖွင့်ချက်မှာ အတော်လေးကိုကွာဟသည်ဟု ဆိုချင်ပါကြောင်း၊ ဆရာဟူသော စကားကိုကြားရလျှင် ကျွန်တော်တို့ကိုယ်ကို ကျွန်တော်တို့ပင် မသိလိုက်ဘဲ စိတ်ထဲ၌ ခံစားမိလိုက်သော စိတ်အဟုန်ကို ဆိုလိုခြင်းပင်ဖြစ်ပါကြောင်း၊ ကျေးဇူးတင်အပ်သော၊ ရိုသေအပ်သော၊ ကျိုးနွံအပ်သော စသည့်ခံစားမှုများ အလိုလိုပါလာသကဲ့သို့ ဖြစ်နေတတ်ပါကြောင်း" စသည့်တို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော Book Club အဖွဲ့ဝင်များကလည်း ခေါင်းစဉ်တစ်ခုချင်းအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကြည်ကြည်နွဲ့(ပြန်/ဆက်)