လယ်ဝေး ဖေဖော်ဝါရီ ၁၇
နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဦးမင်းဦးနှင့် ဦးဟန်ထူးတို့သည် ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)ဆေးရုံကြီးနှင့် လယ်ဝေးမြို့နယ်(ခုတင်-၁၀၀)ဆေးရုံမှ အထူးကုဆရာဝန်များပါဝင်သော အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ်၊ သာဝတ္ထိတိုက်နယ်ဆေးရုံ၌ သာဝတ္ထိကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအုပ်စု ၉ အုပ်စုမှ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးရာ ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး နီဦးခဲ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်ဇော်၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် တာဝန်ရှိသူများက နေပြည်တော်ကုသရေးဦးစီးဌာန ခွဲစိတ်အထူးကု၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ သားဖွားမီးယပ်အထူးကု၊ သွားအထူးကု၊ အရိုးအထူးကု ဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဟန်ထူးက အထူးကုဆရာဝန်ကြီးများအား ဂုဏ်ပြုသစ်သီးခြင်း လက်ဆောင်ပေးအပ်ပြီး လာရောက်ဆေးကုသမှုခံယူသည့် ဒေသခံပြည်သူများအား ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ၊ အာဟာရဖြစ် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။
ယနေ့ သာဝတ္ထိအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် အထူးကုဆရာဝန်များက အထွေထွေရောဂါလူနာ ၈၈ ဦး၊ မျက်စိလူနာ ၁၀၄ ဦး၊ ခွဲစိတ် ၂၆ ဦး၊ အရိုးလူနာ ၆၉ ဦး၊ ကလေးလူနာ ၃၁ ဦး၊ သားဖွားမီးယပ်လူနာ ၁၀ ဦး၊ သွား လူနာ ၃၇ ဦး စုစုပေါင်းလူနာ ၃၆၅ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး လူနာ ၄၉ ဦးကို ဆေးရုံကြီးများသို့ လွှဲပြောင်း၍ ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များသည် လယ်ဝေးမြို့နယ်၊ ခုတင်- ၁၀၀ ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံသန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှုကာ ဆေးရုံရှေ့မျက်နှာစာတွင် ပန်းခြံပြုလုပ်ရန်အတွက် စီစဥ်ဆောင်ရွက်နေမှုများအား ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)