တာချီလိတ်ခရိုင်၊ မိုင်းယောင်း၌ အသက်(၆၀)နှစ်နှင့်အထက် ဘိုးဘွားများနှင့် မဲရုံ တာဝန် ထမ်း ဆောင်မည့်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

မိုင်းယောင်း  နိုဝင်ဘာ  ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကြီး အတွက် ကြိုတင်ဆန္ဒမဲများပေးလျက်ရှိရာ အသက်(၆၀)နှစ်နှင့် အထက်ဘိုးဘွားများနှင့် မဲရုံတွင် တာဝန် ထမ်းဆောင်ကြမည့်သူများသည် ယနေ့တွင် ကြိုတင်ဆန္ဒမဲပေးခြင်းများကို သက်ဆိုင်ရာ ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့ကစတင်၍ နိုဝင်ဘာလ ၅ ရက်နေ့အထိ သတ်မှတ်ထားပြီး အသက်(၆၀)နှစ်နှင့်အထက်ဘိုးဘွားများ၊ မဲရုံတွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အထူးရဲများ၊ မသန်စွမ်းသူများနှင့် ခရီးသွားရန်ရှိသူများက ကြိုတင်ဆန္ဒမဲများပေးလျက်ရှိရာ မဲရုံသို့ ကိုယ်တိုင်မလာရောက်နိုင်သည့် ကျန်းမာရေးမကောင်းသည့် သက်ကြီးဘိုးဘွားများ၊ အသက်အရွယ်ကြီးသူများ၊ မသန်စွမ်းသူများလည်း ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ကြိုတင် ဆန္ဒမဲပေးနိုင်ရေး အိမ်တိုင်ရာရောက် ရွေ့လျားစနစ်ဖြင့် ကြိုတင်ဆန္ဒမဲများကို ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက လိုက်လံကောက်ယူပေးကြောင်း သိရသည်။

ကြိုတင်ဆန္ဒမဲပေးရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များ နှင့်အညီ ဆန္ဒမဲပေးစေခြင်း၊ နှာခေါင်းစည်း(mask)တပ်စေခြင်း၊ မဲရုံအဝင်ဝ၌ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်းနှင့် သတ်မှတ်အကွာအဝေး၌ စနစ်တကျမဲပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာ ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြသည်။

မိုင်းယောင်းမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲဆန္ဒနယ် အမှတ်(၁)နှင့် အမှတ်(၂) တို့မှ မဲရုံပေါင်း (၆၈)ရုံဖြင့် ကျင်းပမည်ဖြစ်ပြီး အသက်(၁၈) နှစ်ပြည့် ပြီးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၇၀၀၀ ဦးကျော်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အားချာ(ပြန်/ဆက်)