ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာရှိ နေပြည်တော်ပုဂံဘုရားဝန်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်အဖွဲ့ဝင်များ၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိန်ကြည်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာရှိ နေပြည်တော်ပုဂံဘုရားဝန်းအတွင်းရှိ မြက်ပင်ခြုံနွယ်များရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကို စနစ်တကျကောက်ယူ၍ စွန့်ပစ်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနှင့်အဖွဲ့ဝင်များက နေပြည်တော်ပုဂံဘုရားဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေခြင်းများကို လိုက်လံကြည့်ရှုခဲ့ပြီး ညောင်ပင်ကြီးစုကျေးရွာ သိမ်ကျောင်းတိုက် ဆရာတော် ဦးစက္ကိန္ဒထံ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)