ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံအရှေ့ ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူက ဌာနဆိုင်ရာများအနေဖြင့် အစည်းအဝေးတက်ရောက်ရာတွင် သတ်မှတ်ဝတ်စုံနှင့်အညီ အဆင့်အတန်းနှင့်လျော်ညီစွာ ဝတ်စားဆင်ယင်ဖို့ လိုအပ်ပါကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ရန်၊ ပြည်သူများကို ဝန်ဆောင်မှုပေးရာတွင် ပြေပြေပြစ်ပြစ်ဆက်ဆံဖို့လိုအပ်ပြီး ပြည်သူများအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေလိုကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာရေးလုပ်ငန်းများတွင်  သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးရန်၊ ပွင်းလင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ဝါယာကြိုးများ ကောင်း/ မကောင်း စစ်ဆေးထားရှိရန်၊ မီးဘေးအန္တရာယ် အသိပညာပေးမှုများကိုလည်း ဆော်သြပေးနေပါကြောင်း၊ မီးဘေးစီမံချက်ရေးဆွဲထားရှိရန်၊ ပြည်သူများ၏ လိုအပ်ချက်များအား ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ပေးဖို့လိုအပ်ပါကြောင်း ဆွေးနွေးမှာကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ဇော်မှ လုံခြုံရေးအနေဖြင့် ရုံးများတွင် CCTV တပ်ဆင်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ လုံခြုံရေးဂရုစိုက်ရန်လိုအပ်ပါကြောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ဝင်းထွန်းက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သတ်၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ ဆောင်ရွက်နေသည့်လုပ်ငန်းများအား အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

အေးမဉ္ဇူ