သာကေတမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

သာကေတ ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၉:၀၀)နာရီအချိန်က သာကေတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက် တာဝန်ကြီး(၄)ရပ်၊ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသတ်ဆေးဘူး၏ အချက်အလက်များနှင့် မီးငြှိမ်းသတ်ရာတွင် အသုံးပြုပုံအဆင့်ဆင့်တို့ကို ရှင်းလင်းပြကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်း ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ဝန်ထမ်းများကိုယ်တိုင် မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ပေးခဲ့ရာ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးလက်တွေ့သရုပ်ပြခြင်း၌ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)