ကျိုက်မရောမြို့နယ်၌ အသံမစဲဥပ္ပါတသန္တိ သုတ္တံဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ကျိုက်မရော ဖေဖော်ဝါရီ ၁၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း အေးချမ်းသာယာစေရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်သံဃာနာယကဥက္ကဋ္ဌ အမှူးပြုသော သံဃာတော်များက အန္တရာယ်ကင်း အသံမစဲဥပ္ပါတသန္တိ သုတ္တံဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးရှိ ဘုရားကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍  ဖွင့်လှစ်ပြီး နတ်ဗြဟ္မာများအားပင့်ဖိတ်၍  မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘုရားကြီး ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ ဝါရီန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး မြို့နယ်သံဃနာယက အဖွဲ့ဝင် ဆရာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္စာယ်တော်မူသော ဥပ္ပတသန္တိ သုတ္တံဒေသနာတော်များ ရွတ်ဖတ်ပူဇော်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တရားနာဧည့်ပရိတ်သတ်များက ပူဇော်ကြည်ညိုခဲ့ကြသည်။

အဆိုပါ အသံမစဲ ဥပ္ပါတသန္တိ  သုတ္တံဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ သုံးရက်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

မိချို(ပြန်/ဆက်)