ဥတ္တရသီရိ ဖေဖော်ဝါရီ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ အောင်ချမ်းသိမ်းကျေးရွာ၌ ယနေ့နံနက် ၁၀ နာရီ မိနစ် ၅၀ အချိန်တွင် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောင်ချမ်းသိမ်းကျေးရွာတွင် လူနေအိမ် မီးလောင်နေကြောင်း သတင်းရရှိသဖြင့် ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင်ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များနှင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပန်းတင် (အမြန်လမ်း) နယ်မြေမီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်(၁)စီးနှင့် ရေသယ်ယာဉ်(၁)စီး၊ တောင်ညို (ယာယီ) နယ်မြေမီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်များနှင့် မီးငြှိမ်းသတ်ယာဉ် (၁) စီး စုစုပေါင်း သန္ဓေတပ်ဖွဲ့ဝင် (၁၇) ဦး၊ မီးငြှိမ်းသတ်ယာဉ် (၃) စီးနှင့် ရေသယ်ယာဉ် (၁) စီး စုစုပေါင်း ရေဂါလန်(၄၀၀၀)ခန့် အသင့်ပါရေဖြင့် သုံးစွဲခဲ့ပြီး၊ ကျေးရွာသူ/သားများ ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၁၂ မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီ ၁၇မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
ပိုင်ရှင်၏ နေအိမ်အပေါ်ထပ်ရှိ လျှပ်စစ်(ဒါးမိန်း) Change Over မီးပွားထွက်ရာမှ အနီးရှိ ဂွမ်းစောင်များသို့ မီးစတင်ကူးစက်လောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ အုတ်ညှပ် (အလျား ၃၅ပေ x အနံ ၂၂ပေ) လူနေအိမ် (၂)ထပ်(၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုနှင့် ပတ်သက်၍ ပိုင်ရှင်အား မီးကိုပေါ့ဆစွာသုံးစွဲမှုဖြင့် တောင်ညိုနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)