ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစိမံကိန်းကျေးရွားများအနက်၊ ဗြိစင်အင်းကျေးရွာအုပ်စု၊ ဗြိစင်အင်းကျေးရွာတွင် စီမံကိန်း အတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြင့် ကျေးရွာခန်းမဆောင် တည်ဆောက်ထားပြီးစီးမှု အခြေ အနေများအား၊ ယနေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာပေါင်း (၅၂) ရွာရှိသည့်အနက်၊ စီမံကိန်းလက်စွဲ စာစောင်ပါစည်းကမ်းချက်များနှင့်အညီ၊ အတိုးရငွေ ၅၀% ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုအဖြစ်၊ လိုအပ်လျက်ရှိသော ခန်းမဆောင် ဆောက်လုပ်ထားရှိသည့်၊ ဗြိစင်အင်းကျေးရွာမှ ခန်းမဆောင် အဆောက်အဦ (၃၆ပေ×၁၈ပေ×၁၂ပေ) တည်ဆောက်ပြီးစီးမှု အခြေအနေများကို၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံ၍ မြို့နယ်ဦးစီးမှူးက ကျေးရွာအတွက် လိုအပ်သည့် ခန်းမဆောင်တစ်ခု ဆောက်လုပ်မှု ပြီးစီးသွားပြီဖြစ်ရာ၊ အမှန်တကယ် အသုံးချနိုင်ရန် လိုအပ်ကြောင်း၊ မလိုလားအပ်သည့် ပစ္စည်းပစ္စယ ထားသိုခြင်းများမပြုဘဲ၊ အစည်းအဝေးခန်း၊ သင်တန်းခန်းမ တစ်ခုအဖြစ်၊ သန့်ရှင်းသပ်ရပ်နေရန် လိုကြောင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းကြဖို့လိုအပ် ကြောင်းဆွေးနွေးပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်လင်းက ပွင့်လင်းရာသီကာလရောက်ရှိ လာပြီဖြစ်သဖြင့်၊ ကျေးရွာအတွင်း မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားရှိရန်၊ ယခုခန်းမဆောင်နှင့် အနီးဝန်းကျင်တွင်လည်း မီးလောင်လွယ်သည့် အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းထားရန်တို့ကို အကြံပြုဆွေးနွေးမှာကြားသည်။ အဆိုပါ ဗြိစင်အင်းကျေးရွာ ခန်းမဆောင် ဆောက်လုပ်ခြင်းကို စီမံကိန်းရငွေ (၁၇.၁၅) သန်း၊ ပြည်သူထည့်ဝင်ငွေ (၁၀.၀၀) သန်း၊ စုစုပေါင်း ကုန်ကျငွေ (၁၇.၁၅)သန်းဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ယခု စစ်ဆေးချိန်တွင် လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးရွာခန်းမဆောင် ဆောက်လုပ်ပြီးစီးပြီဖြစ်၍ ဗြိစင်အင်းကျေးရွာနေပြည်သူများအတွက် ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တိုင်ပင်ဆွေးနွေးသည့် အစည်းအဝေးခန်းမ အဖြစ်လည်းကောင်း၊ အိမ်တွင်းမှုလုပ်ငန်း သင်တန်းခန်းမအဖြစ်လည်းကောင်း၊ ကျေးရွာစာကြည့်တိုက် အဖြစ်လည်းကောင်း လိုအပ်သလို အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့်အတူ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်လင်း၊ ဒုတိယမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးကျော်မိုးနှင့် မြေယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကိုကိုနိုင်တို့ လိုက်ပါခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)