မော်လမြိုင် ဖေဖော်ဝါရီ ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း တည်ထားကိုးကွယ်တော်မူသည့် တပ်ဦးကမ္ဘာအေး စေတီတော်မြတ် ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ် တပ်ဦးကမ္ဘာအေး စေတီတော်မြတ် ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ အရာရှိ၊ အရာခံ စစ်သည်များ၊ မိသားစုဝင်များ တက်ရောက်သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ကန်တော့ဖွင့်လှစ်ခဲ့ပြီး နဂါးမောက် စေတီတော်မြတ်ကြီးနှင့် မြဆည်းဆာဘိုးဘွား ရိပ်သာတို့၏ ဦးစီးပဓါန နာယကဆရာတော် ဘဒ္ဒန္တ နရိန္ဒထံမှ သီလတော်မြတ်များ ခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် တပ်ဦးကမ္ဘာအေး စေတီတော်မြတ် ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြပြီး မတည်အလှူရှင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်း (ငရုပ်သီးမှုန့်လုပ်ငန်း) မိသားစုမှ စေတီတော်မြတ် ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် အလှူငွေကျပ်သိန်း (၃၀၀) အား ပေးအပ်လှူဒါန်း၍ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညိုခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တပ်ဦးကမ္ဘာအေး စေတီတော်မြတ်ကို ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများ ဆက်ကပ်ပူဇော်ခဲ့ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)