မိုးညှင်းတက္ကသိုလ်၌ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

မိုးညှင်း ဖေဖော်ဝါရီ ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်(၉)နာရီမှစတင်၍ တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဘွဲ့နှင်းသဘင်ကျင်းပခဲ့ရာတွင် မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ဘွဲ့နှင်းသဘင်မိန့်ခွန်းအနေဖြင့် ဘွဲ့ရမောင်မယ်များသည် မိုးညှင်းတက္ကသိုလ်၏ အထူးပြုဘာသာရပ် အသီးသီးမှ ပညာသင်နှစ်အဆင့်ဆင့်များအလိုက် သက်ဆိုင်ရာစာမေးပွဲများကို ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ပြီးဖြစ်၍ ထိုက်တန်သောဘွဲ့များအား အပ်နှင်းရန်နှင့် ပညာရေးအဖွဲ့က အတည်ပြုပြဌာန်းခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဘွဲ့ထူးဂုဏ်ထူးများပေးအပ်ရာတွင် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း နှစ်ပိုင်းခွဲ၍ ပေးအပ်လျက်ရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နေ့သင်တန်းတွင် မဟာဝိဇ္ဇာ/သိပ္ပံတွဲတွင် (၂၂)ဦး၊ ဝိဇ္ဇာ/သိပ္ပံတွဲ (ဂုဏ်ထူးဘွဲ့)တွင် (၂၆)ဦး၊ ဝိဇ္ဇာ/သိပ္ပံတွင်(ရိုးရိုးဘွဲ့)တွင် (၂၁၂)ဦးနှင့် အဝေးရောက်ယူသူ(၁၂)ဦး စုစုပေါင်း (၂၇၂)ဦးအား ဘွဲ့များအသီးသီး အပ်နှင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ မိုးညှင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း