ကျိုက်မရော နိုဝင်ဘာ ၂
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၊ အခြေခံပညာကျောင်းများ၌ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ခရိုင်ကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးမှုအခြေအနေကို ယနေ့ နံနက် ၉ နာရီက ရှင်စောပု ရပ်ကွက်ရှိမဲရုံ(၂) သို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှု စစ်ဆေးရာတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကျိုက်မရောမြို့နယ် တာဝန်ခံ ဦးထိန်ဝင်းထွန်းနှင့် တာဝန်ရှိသူများက ကြိုတင်ဆန္ဒမဲ လာရောက်ပေးသော အသက် ၆၀ နှစ်အထက် ပြည်သူများ နှင့် ဝန်ထမ်းများ စနစ်တကျ မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှထုတ် ပြန်ထားသော လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ကျိုက်မရောမြို့နယ်တွင် အသက် ၆၀ နှစ်အထက် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၂၁၄၄၆) ဦး ရှိကာ မဲရုံပေါင်း ၉၈ ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၈၀၇၈၁) ဦး ရှိကြောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ချိုချို (ပြန် / ဆက်)