မြစ်ကြီးနား ဖေဖော်ဝါရီ ၁၆
လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေနိုင်ရေးနှင့် ရောဂါဘယကင်းရှင်းစေရေးအတွက် ကျန်းမာရေးနှင့်ညီညွှတ်သော အစားအစာများအား အာဟာရပြည့်ဝစွာ ချက်ပြုတ်စားသောက်နိုင်ရန်ရည်ရွယ်ပြီး ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ‘ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရများအကြောင်းသိကောင်းစရာ’ ဟောပြောပွဲနှင့် ရိုးရာအစားအစာ ချက်ပြုတ်နည်းသင်တန်းကို ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၉ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းက ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို ပြင်ဆင်ချက်ပြုတ်စားသုံးပါက ရောဂါကင်းစင်ပြီး ပျော်ရွှင်ကျန်းမာသော လူမှုဘဝများကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်ကြောင်း၊ အစားအစာများကို ပြင်ဆင်ချက်ပြုတ်သော အမျိုးသမီးအများအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာများ သိသင့်သိထိုက်သည်များကို နားလည်သိရှိပြီး လိုက်နာကျင့်သုံးကာ မိမိကလေးငယ်များကို ကျန်းမာရေးနှင့်ညီညွှတ်စွာ ချက်ပြုတ်ကျွေးမွေးပါက ကလေးငယ်များဟာ အာဟာရပြည့်ဝစွာ ကြီးထွားဖွံ့ဖြိုးပြီး တိုင်းပြည်၏ နိုင်ငံ့သားကောင်း ရတနာများ ဖြစ်လာမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှိုင်လှိုင်ဌေးက ‘ကျန်းမာရေးနှင့်ညီညွှတ်သော အာဟာရများအကြောင်း သိကောင်းစရာ’ ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောရာ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများအကြောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များ အာဟာရပြည့်ဝစွာစားသုံးတတ်ရန်၊ အာဟာရချို့တဲ့မှု ပပျောက်ရန်၊ အာဟာရလွန်ကဲမှုနှင့်နှီးနွယ်သော ရောဂါများအကြောင်း အစရှိသည်တို့နှင့်စပ်လျဥ်းပြီး အသိပညာပေးဟောပြောသည်။
အဲဒီနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများက တက်ရောက်လာကြသော ပြည်နယ်/ခရိုင်/မြို့နယ်များမှ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ကိုယ်အလေးချိန်နှင့် အရပ် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆီးချို/သွေးချို စစ်ဆေးပေးခြင်းအစရှိသော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် ရိုးရာအစားအစာချက်ပြုတ်နည်းသင်တန်းအား ဆက်လက်ဖွင့်လှစ်ပြီး ရိုးရာအစားအစာ ချက်ပြုတ်နည်း သင်တန်းနည်းပြမှ ကြက်ကချင်ချက်၊ ဝက်ကချင်ချက်၊ စီပါ၊ ပိန်းဥဟင်းရည်နှင့် ငါးဂျူးမြစ်ထောင်းအစရှိသည့် ကချင်ရိုးရာအစားအစာ ချက်ပြုတ်နည်းများအား စာတွေ့လက်တွေ့ သင်ကြားပေးရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးသည် ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ လက်တွေ့ချက်ပြုတ်ခဲ့ကြကာ ချက်ပြုတ်ထားသည့် ဟင်းလျာများအားအတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)