တာမွေမြို့နယ်ရှိ မျက်စိအထူးကုဆေးရုံကြီး (ရန်ကုန်) တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

တာမွေ ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ မျက်စိအထူးကုဆေးရုံကြီး (ရန်ကုန်) တွင် မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ အဆိုပါဆေးရုံဝန်းအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောရာတွင် ဆေးရုံဝန်းအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၊ ဆေးကုသမှုခံယူနေသော လူနာများ၏ မိသားစုဝင်များနှင့် ပြည်သူများအနေဖြင့် ဆေးရုံဝန်းအတွင်း အကြောင်းအမျိုးမျိုးကြောင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကတ်များ၊ ရေပုံးများ၊ သဲအိတ်များ၊ ရေအိတ်များနှင့် မီးသတ်ဆေးဘူးများအား ပြင်ဆင်ဆောင်ရွက်ထားရှိရမည့် အခြေအနေများ၊ မီးသတ်ဆေးဘူးအပါအဝင် မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများအား အသုံးပြု၍ စနစ်တကျ မီးငြှိမ်းသတ်နည်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်ကြစေရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်တွင် မီးလောင်မှု၊ မီးလန့်မှုများ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိရာ ယခုနှစ်အတွင်း၌ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)