ရန်ကင်း ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်မှ မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်နည်းဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးရှိ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်တာဝန်ကြီး (၄)ရပ်၊ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရမည့် အချက်များ၊ မီးသတ်ဆေးဘူး၏ အချက်အလက်များနှင့် အသုံးပြုပုံတို့ကို ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးထိန်လင်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်တပ်ဖွဲ့ဝင်များက ဝန်ထမ်းလိုင်းခန်းများအား မီးဘေးလုံခြုံရေးစစ်ဆေးပေးခဲ့ပြီး မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကိုယ်တိုင်မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)