ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ အဆောက်အဦများအား  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်း ဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံး အဆောက်အဦးများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းမှစ၍ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်  မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးစောမောင်သန်း၊ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင်တို့ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ မြို့နယ်ဌာနဆိုင်ရာရုံး အဆောက်အဦးများတွင် မီးလောင်၊ မီးလန့်မှုများမဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့အတွက် လျှပ်စစ်မီးသွယ်တန်းသုံးစွဲနေမှု အခြေအနေများ၊ မီးငြှိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများ ထားရှိဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး၊ မီးစနစ်တကျ ဂရုပြုသုံးစွဲရေး၊ အမှိုက်နှင့် လောင်စာများအား စနစ်တကျ စွန့်ပစ်ရေး၊ ညအိပ်ချိန် ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေများအား စနစ်တကျ သေချာစွာ ဂရုပြုငြှိမ်းသတ်ရေး၊ သဲအိတ်၊ ရေအိတ်များ၊ မီးချိတ်၊ မီးကပ်များ စနစ်တကျထားရှိရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီ အကြောင်းကြားရေးတို့ကို သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများအား ဆွေးနွေး ပြောကြားပေးလျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိရာ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရပ်ကွက်များတွင်လည်း ယခုကဲ့သို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး အသိပညာပေးခြင်းနှင့် အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)