မချမ်းဘောမြို့တွင် တောင်သူပညာပေးဆွေးနွေးပွဲနှင့် အသင့်သုံး EM ဖျော်ရည်ပြုလုပ်နည်းနှင့် အသုံးပြုပုံများသရုပ်ပြ

မချမ်းဘော ဖေဖော်ဝါရီ ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ဒေသခံတောင်သူများ စိုက်ပျိုးရေးအသိပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် တန်ဖိုးနည်းသဘာဝမြေသြဇာများ ပြုလုပ်တတ်စေရန် ရည်ရွယ်၍ တောင်သူပညာပေးဆွေးနွေးပွဲနှင့် အသင့်သုံး EM ဖျော်ရည်ပြုလုပ်နည်း အသုံးပြုနည်း သရုပ်ပြခြင်းကို ယနေ့ နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြိုင်က ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးရေးလုပ်ငန်းများတွင် ကြုံတွေ့ရသော အခက် အခဲများပိုးမွှားအန္တရာယ် ကျရောက်မှုအခြေအနေများ မိမိတို့စိုက်ပျိုးပုံစိုက်ပျိုးနည်းများကို ဆွေးနွေးပေးကြရန်နှင့် ဆွေးနွေးချက်များအပေါ် လိုအပ်ချက်များ မှန်ကန်သော နည်းစနစ်များ ဖြစ်လာရေးတို့ကို နည်းလမ်း တကျ ပြန်လည်ဆွေးနွေးပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော တောင်သူများက ဟင်းသီးဟင်းရွက်နှင့် သီးပင်စားပင်များ စိုက်ပျိုးရာတွင် ကြုံတွေ့ရသောပိုးမွှားအန္တရာယ် ကာကွယ်နည်းများ၊ မြေသြဇာကျွေးမွေးရမည့် အချိန် များကို စနစ်တကျသိရှိလိုကြောင်း ဆွေးနွေးခြင်းအပေါ် မြို့နယ်ဦးစီးမှူးက နည်းစနစ်တကျစိုင်ပျိုး နည်း၊ ပိုးမွှားကာကွယ်နည်းများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ 

ထို့နောက် တက်ရောက်လာကြသော တောင်သူများအား တန်ဖိုးနည်းသဘာဝမြေဩဇာပြုလုပ်ရာတွင်လည်းကောင်း၊ သီးပင်စားပင်များအား ဆေးအဖြစ်လည်းကောင်း၊ တိရစ္ဆာန်မွေးမြူရေးများတွင် အနံ့အသက်ကာကွယ်ရေးအတွက် အသုံးပြုနိုင်သော အသင့်သုံး EM ဖျော်ရည်ပြုလုပ်နည်းနှင့် အသုံးပြုနည်းသရုပ်ပြခြင်းတို့ကို ဆောင်ရွက်ပြီး အသင့်သုံး EM ဖျော်ရည်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)