ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောသီးနှံ စိုက်ခင်းများ ပိုမိုစိုက်ပျိုးလာ

ကျောက်ဆည် ဖေဖော်ဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများမှုကြောင့် တောင်သူများအနေဖြင့် ဆန်စပါးနှင့် ယာမြေများတွင် မြေအောက်ရေနှင့် မိုးရေများကို အသုံးပြု၍ ပဲအမျိုးမျိုး၊ ဆီထွက်သီနှံ အမျိုးမျိုး၊ ငရုတ်၊ ကြက်သွန်၊ ပြောင်း၊ ဝါ စသည့် ယာသီးနှံများ၊ ဥယျာဉ်ခြံသီးနှံများနှင့် မီးဖိုဆောင်သုံး ကာလတို သီးနှံများ စိုက်ပျိုးကြကြောင်း သိရှိရပြီး ယခုအခါ သွင်းအားစုနည်းပါးပြီး မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်သည့် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

ငှက်ပျောစိုက်ပျိုးရာတွင် ကုန်ကျစရိတ် နည်းပါပြီး၊ အလုပ်သမား အခက်အခဲ မရှိသောကြောင့် တောင်သူများ ပိုမိုစိုက်ပျိုးလာကြောင်း၊ ငှက်ပျောစိုက် တောင်သူများထံမှ သိရှိရပြီး ရာသီဥတုနှင့် အပင်အပြုအစု ကောင်းပါက စိုက်ပျိုးပြီး ()လ အကြာတွင် ငှက်ပျောအဖူးများ စတင်ထွက်ရှိပြီး (၁၂)အကြာတွင် စတင်ခုတ်ယူရောင်းချရကြောင်း၊ ကုန်ကျမှုအနေဖြင့် ထယ်စရိတ်၊ ထွန်စရိတ်၊ မျိုးပင်ဖိုးနှင့် စိုက်စရိတ် အပါအဝင် ရေတင်ခြင်း၊ မြေဩဇာအသုံးပြုခြင်း၊ အခင်းဖျက်သိမ်းခြင်းများ အပါအဝင် စုစုပေါင်း ငွေကျပ်သိန်း (၂၀) မှ (၂၇) သိန်းအထိ  ကုန်ကျကြောင်း၊ ရောင်းချရာတွင် ငွေကျပ်သိန်း (၅၀) ကျော် ပြန်လည်ရရှိသောကြောင့်   ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောသီးနှံများကို အနောက်ငါးဆူ၊ ရှားပင်၊ တောင်နောက်၊ သင်တောင်း၊ အင်တိုင်း၊ ကြက်မင်းတွန်၊ ဖောင်ရွာပတ္တာ၊ ပင်တလည်၊ ပြည်ပန်း၊ သမန္တလင်း၊ မြင်းကဘက်၊ မုန့်ပေါင်း၊ လက်ပန်ဇင်၊ ရဲဘော်ကြီး၊ ရေပြားတော၊  ဖျောက်ဆိပ်ပင်၊ ရွာသစ်၊ ရေသရောက်၊ ချောင်းဆုံ၊ သရက်ပင်၊ ရဲ၊ ကြောင်၊ ဇရစ်ခဲ၊ အုန်းကြော၊ ကြက်သားဟင်း၊ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ကျေးရွာများတွင် စိုက်ပျိုးကြကြောင်း သိရသည်။

တင်တင်ထွေး