သာစည်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိ အခြေခံစာမေးပွဲအောင် သာမဏေများအား ဆုပေးပွဲ အခမ်းအနား ကျင်းပ

သာစည် ဖေဖော်ဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပရိယတ္တိမာမကအသင်းက ကြီးမှူးကျင်းပသော ပရိယတ္တိအခြေခံစာမေးပွဲ အောင်မြင်သော သာမဏေများအား ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အမှတ် (၆) ရပ်ကွက် သာယာကုန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်သည်။ ဆက်လက်၍ နိုင်ငံတော်ဩဝါဒစရိယ သာစည်မြို့ ဓမ္မာလင်္ကာရ ရေအားလျှပ်စစ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကဝိန္ဒာစာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်ပြီး ဆရာတော်က ဩဝါဒစကား မြွက်ကြားကာ ပရိယတ္တိမာမကအသင်းဥက္ကဋ္ဌ သာယာကုန်းကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တပုညဓဇက အဖက်ဖက်မှ ကူညီပံ့ပိုး လှူဒါန်းပေးကြသော ရဟန်းရှင်လူများအား ဝမ်းမြောက်စကား ပြောကြားပြီး ဂုဏ်ပြုလွှာများ ပေးအပ်သည်။ ထို့နောက် ပရိယတ္တိ အခြေခံစာမေးပွဲ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်နှင့် စတုတ္ထအဆင့်တို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ရိုးရိုးအောင်မြင်သော သာမဏေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဆွမ်းလောင်းအသင်းများက ဂုဏ်ပြုလွှာ၊ ဆုချီးမြှင့်ငွေနှင့် လှူဖွယ်များ ဆပ်ကပ်ကြသည်။

ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)