နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပုဗ္ဗသီရိမြို့နယ်တွင် သီးနှံအကန့်လိုက် စိုက်ပျိုးနည်းစနစ် (Strip Cropping) ကွင်းသရုပ်ပြပွဲ တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအနီး ပင်လောင်းလမ်းဘေး တောင်သူစိုက်ကွင်းတွင် သီးနှံအကန့်လိုက်စိုက်ပျိုးနည်းစနစ် (Strip Cropping) ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့မှ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ကွင်းသရုပ်ပြပွဲတွင် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းထိန်က နေပြည်တော်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ သီးနှံအကန့်လိုက် စိုက်ပျိုးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ဆောင်သီနှံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးစေလိုကြောင်း၊ ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးစေလိုကြောင်း၊ ပန်တိုင်အထွက်နှုန်းကောင်းမွန်ရေးကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ စပါးအပါအဝင် ဆီထွက်သီးနှံများ၊ ဆောင်းသီနှံများ၊ နွေသီးနှံများကို အထွက်နှုန်းကောင်းမွန်စေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းစနစ်များကို လစ်ဟာမှုမရှိ စနစ်တကျ လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မြေများကို လှပ်ထားခြင်းမပြုရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးကြစေလိုကြောင်း၊ ထို့အပြင် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာဆီ စသည့် ဆီထွက်သီးနှံများကို တိုးချဲ့ပြီး စိုက်ပျိုးကြရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးနည်းကို နည်းစနစ်ကျကျ စိုက်ပျိုးမှသာ ပန်းတိုင်အထွက်များ တိုးတက်ထွက်ရှိပြီး တစ်ဦးချင်ဝင်ငွေများ တိုးလာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့က ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့မှ တောင်သူများအား ပေါင်းစည်းလယ်ယာ သဘာဝမြေဩဇာများ၊ GW-11 အထွက်တိုး မျိုးစပါးများနှင့် နှမ်းနက်မျိုးစေ့များကို ထောက်ပံ့ပေးအပ်ကြသည်။

ယင်းနောက် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ သီးနှံအကန့်လိုက်စိုက်ပျိုးနည်းစနစ် (Strip Cropping) စမ်းသပ်စိုက်ခင်းအတွင်း သီးနှံ (၁၈)မျိုး စိုက်ပျိုးထားပြီး သီးနှံစုံအကန့်လိုက်စိုက်ပျိုးမှုဆောင်ရွက်ခြင်းဖြင့် မြေတစ်ကွက်ထဲတွင် သီးနှံဇီဝမျိုးကွဲစုံလင်စွာ စိုက်ပျိုးနိုင်ခြင်း၊ (On Farm Crop Diversification)ကြောင့် တစ်ကွက်ထဲမှ အထွက်နှုန်းပိုမိုရရှိစေခြင်း၊ ရာသီဥတုဖောက်ပြန်မှုနှင့် ပိုးမွှားရောဂါကျရောက်မှုကြောင့် သီးနှံအလုံးစုံ ဆုံးရှုံးမှုအန္တရာယ်မှ ရှောင်လွှဲနိုင်ခြင်း၊ သီးနှံတစ်မျိုးနှင့် တစ်မျိုး ရေနှင့်အာဟာရဓါတ် လိုအပ်ချက် မတူညီသောကြောင့် ရေနှင့်မြေအရင်းမြစ်များကို ထိရောက်စွာ အသုံးချနိုင်ခြင်းဖြင့် မြေဆီလွှာကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ ဇီဝမျိုးကွဲစုံခြင်းကြောင့် အပင်ရောဂါနှင့် ပိုးမွှားကျရောက်မှု သက်သာစေခြင်းဖြင့် ဓာတုပိုးသတ်ဆေးအသုံးပြုမှု လျော့ချနိုင်ခြင်းဖြင့် မိတ်ဆွေပိုးများတိုးလာစေပြီး စားသုံးသူဘေးအန္တရာယ်ကင်းစေခြင်း၊ ပေါင်းမြက်ပေါက်ရောက်မှု လျှော့ချနိုင်ခြင်းနှင့် မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ပေးခြင်း၊ မြေတွင်းသို့ လိုအပ်သော ကာဗွန်ဓါတ်(သစ်ဆွေးဓါတ်)ကို ထိန်းသိမ်းနိုင်ခြင်း၊ သီးနှံရွေးချယ်မှုပေါ်မူတည်၍ အထွက်နှုန်းကောင်းစေခြင်းနှင့် အရည်အသွေးကောင်းစေခြင်း၊ ဝင်ငွေအရင်းမြစ်ရရှိနိုင်မှု စုံလင်စေခြင်း၊ အကန့်လိုက်စိုက်ပျိုးထားခြင်းကြောင့် ရာသီဥတုဖောက်ပြန်လျှင် သီးနှံတစ်မျိုး ဆုံးရှုံးနိုင်သော်လည်း အခြားအကန့်မှ သေချာသော သီးနှံအထွက်နှုန်းရရှိကာ မရေရာမှုကို လျော့ချ၍ ဝင်ငွေကိုထိန်းသိမ်းထားနိုင်ခြင်း၊ သီးနှံမျိုးပေါ်မူတည်၍ ဝယ်လိုအား သီးခြားရှိနိုင်ခြင်းကြောင့် ဈေးကွက်အခွင့်အလမ်းတိုးမြင့်ကာ အကျိုးအမြတ်များစေခြင်း၊ သီးနှံတစ်မျိုး၏ ဈေးကွက်မတည်ငြိမ်မှုဆိုးကျိုးကို အခြားသီးနှံများ ဈေးကွက်ဖြင့် ထိန်းညှိလျှော့ချနိုင်ခြင်း၊ ဓာတုသွင်းအားစုများ လျှော့ချနိုင်ခြင်းဖြင့် ဂေဟစနစ်ကို ပိုမိုကောင်းမွန်စေခြင်းနှင့်အတူ ထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချ၍ အကျိုးအမြတ်ပိုမိုရရှိစေခြင်း၊ ရေ၊ မြေ၊ ဒေသ၊ ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသော သီးနှံပုံစံစိုက်ပျိုးမှုမှတစ်ဆင့် ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ကာ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များကို ပိုမိုရရှိစေခြင်း စသည့် အကျိုးကျေးဇူးများရရှိမှာဖြစ်ကြောင်း သိရှိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)