ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုဒေသစားရေရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၆

မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုဒေသ စားရေရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေ‌ဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲက ပူတာအိုခရိုင်၊ ပူတာအိုမြို့သို့ လေကြောင်းခရီးဖြင့် သွားရောက်ပြီး ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ပူတာအိုလေဆိပ်သို့ ‌ရောက်ရှိပြီး လေဆိပ်၌ ပူတာအိုအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းသီဟ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ လေဆိပ်ဝင်းအတွင်း “ပူတာအိုမြို့မှ လှိုက်လှဲစွာကြိုဆိုပါ၏” ဆိုင်းဘုတ်အား မြန်မာ-အင်္ဂလိပ် (၂)ဘာသာဖြင့် တပ်ဆင်ထားရှိမှု အခြေ အနေနှင့် လေဆိပ်အဆောက်အအုံနှင့် လေဆိပ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ မြေယာရှုခင်း ပြုပြင်ပြီး ပန်းအလှပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ လေဆိပ်ရှေ့ မြို့ဝင်ဆိုင်းဘုတ်ပြုပြင်ဆောင်ရွက်နေ မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုဒေသသို့ အဓိကဝင်ပေါက်တစ်ခုဖြစ်သည့် လေဆိပ်ပတ်ဝန်းကျင်တစ်ခုလုံး သန့်ရှင်းသာယာပြီး စွဲဆောင်မှုရှိစေ ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်အတွင်း နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၁၇၅ သိန်းဖြင့် ပိုင်ရှင်ဦးဇာမဲဒီးရမ်၏ “ထရပ်ဝပ်” မွေးမြူရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ နို့စားနွားမွေးမြူရေးခြံသို့ သွားရောက် ပြီး ခြံဝင်းအတွင်း ဖရီးရှန်အမျိုးအစား နို့စားနွားကောင်ရေ (၁၅)ကောင်၊ ဒေသနွားကောင်ရေ ၃၀ကျော် မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ မွေးမြူရေးတောင်သူများအား စီးပွားဖြစ်ထွန်းမှု အခြေ အနေများနှင့် လိုအပ်သည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး လျှပ်စစ်မီးရရှိရေးနှင့် လိုအပ်သည့် မွေးမြူရေးနည်းစနစ်များ အသိပညာပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များက မွေးမြူရေးအထောက်အကူပြုဆေးဝါးများ၊ နွားစာဖွဲနုအိတ်များ၊ ထောက်ပံ့ငွေကျပ် သိန်း ၂၀ ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထိုမှတစ်ဆင့် လုံးစွတ်ရပ်ကွက်အတွင်း ပူတာအိုဒေသ ဝမ်းစာဖူလုံရေးအတွက် ဒေသတွင်း ထွက်ရှိသည့် စပါးများကို ကြိတ်ခွဲနိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သိန်း (၃၅၀) မတည် ပေးမှုဖြင့် တစ်ရက်လျှင် ဆန် (၁၈)တန်ကျ ဆန်စက်တစ်ခုဖြစ်သည့် ဆန်း စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်ပိုင် ဆန်စက်သို့ သွားရောက်ပြီး ဆန်စက်လည်ပတ်ကြိတ်ခွဲနေမှု အခြေအနေများ၊ လုပ်ငန်းအောင်မြင်စွာ လည်ပတ် နိုင်မှုအခြေအနေများနှင့် အသင်းပိုင်စပါးဂိုဒေါင်တစ်လုံးတိုးချဲ့တည်ဆောက်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထပ်မံရင်းနှီးမတည် တိုးမြှင့်ပံ့ပိုးပေးနိုင်ရေး ဂိုဒေါင်တည်ဆောက်မည့် မြေနေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် အဆိုပါ ရပ်ကွက်အတွင်း မိုးစပါးစံပြစိုက်ကွင်းဖြစ်သည့် မတ်ပန်ကွင်းအတွင်း မိုးစပါး ရိတ်သိမ်းအပြီး ဒေသတွင်း ဆောင်းသီးနှံစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြှင့်မားလာစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပဲပုပ်၊ ဂျုံ၊ ဖူးစားပြောင်း၊ ဆီမုန်ညှင်း စိုက်ခင်းအတွင်း မိုးစပါးရိတ်သိမ်းနိုင်ခဲ့မှု၊ လယ်သီးထပ် ဆောင်းသီးနှံစိုက်ပျိုးထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် သီးနှံများ သုသေသနပြု တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အလေးထားလုပ်ဆောင်သွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့မရပ်ကွက်အတွင်း မျိုးစပါး သိုလှောင်ရုံသို့ သွားရောက်ပြီး ပူတာအိုဒေသ (၃)နှစ်အတွင်း ဝမ်းစာဖူလုံရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် ရာသီချိန်အမီ စိုက်ပျိုးနိုင်ရေး ပြည်နယ်အစီအစဉ်ဖြင့် တောင်သူများထံ ဖြန့်ဝေ ထောက်ပံ့ပေးနိုင်ရေး တင်ပို့ဆောင်ရွက်ထားသည့် ဆင်းဧကရီ -၃ အထွက်တိုး မျိုးစပါး တင်း ၁၀၀၀၀ အား စုဆောင်းသိုလှောင်ထားရှိမှုနှင့် ဘဏ္ဍာနှစ်အလိုက် ထောက်ပံ့ပေးနိုင်ခဲ့မှု အခြေအနေအပေါ် ဆန်ဖူလုံမှုတိုးတက်လာသည့် အခြေအနေများကို ဌာနဆိုင်ရာများနှင့် သုံးသပ်ဆွေးနွေးခဲ့ကြပြီး ဂိုထောင်များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ စပါးမျိုးစေ့အပြင် ပန်းအာလူးမျိုးများ တောင်သူ များထံမှ တူးဖော်ပြီးချိန် ပြန်လည်ရိတ်သိမ်းကောက်ခံရရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက်အတွင်းရှိ အကွက်အမှတ် (၃) မြေဧရိယာ ၃ ဒဿမ ၃၄၄ ဧက၌ ဒေသတွင်း ငါးစားသုံးမှုဖူလုံပိုလျှံစေရေး ပြည်နယ်အစီအစဉ်ဖြင့် ငါးကန်များ တူးဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ကာ ဒေသမျိုးရင်းငါးမျိုးစိတ်များနှင့် ဒေသနှင့် ကိုက်ညီပြီး စီးပွားဖြစ်လွယ်သည့် ငါးမျိုးများ ထည့်သွင်း မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတောင်သူများ၏ နေအိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက် စိုက်ခင်းအားကြည့်ရှု အားပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုမြို့နယ် ပူပေါင်းကျေးရွာသို့ သွားရောက်ပြီး ပူတောင်းကျေးရွာ၊ ပူတောင်းကွင်းအတွင်း တောင်သူဦးသန်းနိုင်၏ လယ် ၁ ဒဿမ ၅ ဧက၌ ဆောင်းသီးထပ်သီးနှံအဖြစ် ပဲပုပ်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မျိုးပင်များ ဖြစ်ထွန်းလာနိုင်မည့်အခြေအနေများကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့နယ်အတွင်း ကျေးလက် နေပြည်သူများဘဝ တိုးတက်မြင့်မားစေရေး၊ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၂၈)ရွာ၊ လူဦးရေ (၁၀၉၄၀) ဦးတို့အား အကျိုးဖြစ်ထွန်းစေသည့် ပူတာအို-လယ်မယ်ဝါဂျီ- နန်ရှယ် ကော့- မန်စေခွန်-မန်စေလမ်း (ပူတာအိုလွင်ပြင်ပတ်လမ်း) (၂၅)မိုင်အတွင်း ဘဏ္ဍာနှစ်အလိုက် လမ်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆထီလော်(၃)ကျေးရွာအနီး လမ်းစီမံကိန်းရှင်းလင်းဆောင်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လမ်း လုပ်ငန်းတင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်သွားမည့် လမ်းလုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ်  ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)