ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အခမ်းအနားမှူး သင်တန်းဖွင့်

ရွှေကူ ဖေဖော်ဝါရီ ၁၆

အခမ်းအနားမှူး တာဝန်ပေးအပ်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် အခမ်းအနားမှူး သင်တန်းကို ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Centre) ခန်းမ၌  ယမန်နေ့ နေ့လယ် (၁)နာရီခန့်က  စတင်ဖွင့်လှစ် လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်းက ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနမှ အခမ်းအနားများဖြစ်စေ၊ အခြားဌာနများမှ ကျင်းပဆောင်ရွက်သည့် ပွဲအခမ်းအနားများတွင်ဖြစ်စေ၊ အစည်းအဝေး၊ ဆွေးနွေးပွဲ၊ သင်တန်းဖွင့်ပွဲ၊ အသိပညာပေး ဟောပြောပွဲများတွင်ဖြစ်စေ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ရန် တာဝန်ပေးအပ်ပါ က အခမ်းအနားမှူးတာဝန်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လေ့ကျင့်သင် ကြားပို့ချ‌ပေးခြင်းဖြစ်ကြောင်း၊ အခမ်းအနားမှူးကောင်း တစ်ယောက်ဖြစ်စေရန် သတ္တိ၊ သတိ နှင့်  သိ/တတ်မှုဟူသော "သ" သုံးလုံးကို‌ ကျေရမည်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဝတ်စား ဆင်ယင်မှု၊ ကြိုတင်ပြင်ဆင်မှု၊ အခမ်းအနားမှူး ဆောင်ရန်/ရှောင်ရန်များ၊ အသံပိုင်းဆိုင်ရာ လေယူ၊ လေသိမ်း၊ စကားအသုံးအနှုန်းများကို သိရှိနားလည်စေရန် မိမိပင်ကိုယ်အသံဖြင့် ပီသ ညီမျှချိုသာသော အသံဖြင့် ပြောဆိုတတ်ရန်၊ အသုံးအနှုန်း ဝေါဟာရများကို မှန်ကန်စွာ သုံးစွဲပြောဆိုနိုင်ရန်၊ အခမ်းအနားကျင်းပပြုလုပ်ရာနေရာ "အတွင်း"နှင့်"အပြင်" အခမ်းအနား ကျင်းပခြင်း(၂)မျိုးရှိသည့်အပြင် ကျင်းပရာတွင် လိုရင်းတိုရှင်း ထိမိစွာ အသုံးပြုနိုင်ရန် အတွင်း အခမ်းအနားပွဲများ ကျင်းပရာ အစီအစဉ်များ နှင့် ကြားဖြတ် အစီအစဉ်များ ဝင်ရောက်လာပါက အခမ်းအနားမှူးအနေဖြင့် သိရှိနားလည်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ဆုံးဖြတ်ကြေညာ တတ်‌စေရန် စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေး သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကာလမှာ ဖေဖော်ဝါရီလ (၁၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ ရက်တိုသင်တန်း ဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် သင်တန်းသူ၊ သင်တန်းသား(၁၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။     

မြို့နယ်(ပြန်/ဆက်)