ဂွ ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ Grade-5၊ Grade-9 စာမေးပွဲဖြေဆိုနိုင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက အ.ထ.က(ဂွ) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအေဝးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က အဖွင့်အမှာစကားတွင် ဂွမြို့နယ်၌ ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှ(၂၈)ရက်နေ့အထိ ခရိုင်အဆင့်စာမေးပွဲဖြစ်သည့် Grade-5 နှင့် ပြည်နယ်အဆင့်ဖြစ်သည့် Grade-9 စာမေးပွဲများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး၊ စနစ်ကျနစွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်စေရေး၊ လတ်တလောအခြေအနေအရ အခြားဒေသမှ အခြေအနေအရပ်ရပ်ကြောင့် ပြောင်းရွှေ့လာပြီး စာမေးပွဲဖြေဆိုရန် ဆန္ဒပြုလာမည့် ကျောင်းသား၊ ကျောင်းသူများအတွက် သတ်မှတ်ထားသည့် လုပ်ထုံး လုပ်နည်းများအား ဖြေလျှော့ပြီး ကလေးများ၏ ဘဝရှေ့ရေးအတွက် အဆင်ပြေချောမွေ့အောင် ဖြေဆိုနိုင်ရန် ဆောင်ရွက်သွားနိုင်စေရေး၊ မေးခွန်းလွှာနှင့်အဖြေလွှာများကို လုံခြုံစိတ်ချရသည့် နေရာများတွင် စနစ်တကျသိမ်းဆည်းထားပြီး သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြစေရေး၊ မလိုလားအပ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် မေးခွန်းလွှာများ ပေါက်ကြားခြင်း၊ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့ခြင်းများ မဖြစ်စေရေး အလေးထားဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန့်စင်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးခင်မောင်ထွန်းတို့က စာမေးပွဲဖြေဆိုမည့်ရက်များအတွင်း လိုအပ်သည့် နယ်မြေလုံခြုံရေးများအတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူးဦးတင်အောင်က Grade-5၊ Grade-9 စာမေးပွဲဖြေဆိုနိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် တာဝန်ရှိသူများက လိုအပ်သည်များနှင့် သိရှိလိုသည်များကို အကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်တွင်းစာစစ်ဌာနများမှ ကျောင်းအုပ်ဆရာကြီးများနှင့်ကျောင်းအုပ်ဆရာမကြီးများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်