ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသမှုကြည့်ရှုစစ်ဆေး

စစ်တွေ    ဖေဖော်ဝါရီ   ၁၆

မီးသတ်တပ်ဖွဲ့ဝင်များ၏ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြသမှုကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မီးသတ်ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်က ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များက Rescue power Ascender(ခေါ်) ကြိုးတက်၊ ကြိုးဆင်းကိရိယာဖြင့် အထပ်မြင့်ပေါ်သို့တက် ရောက်မှုသရုပ်ပြခြင်း၊ Jumping Sheet(ခေါ်) လေအိတ်မွေ့ရာကိရိယာဖြင့် အထပ်မြင့်တွင်ပိတ်မိနေသူများအား ကယ်ဆယ်သရုပ်ပြသခြင်း၊ သုံးချောင်းထောက်ကိရိယာဖြင့် ရေတွင်း(သို့) လျှိုမြောင် တောင်ကြားတွင် ကျနေသူအား ကယ်ဆယ် သရုပ်ပြသခြင်း၊ မီးသတ်စက်ငယ်ဖြင့် မီးငြှိမ်းသတ်မှုသရုပ်ပြသခြင်းနှင့် မီးသတ်ယာဉ်များ၏ မီးငြှိမ်းသတ်ရေးစွမ်းရည်အား သရုပ်ပြသခြင်းများကို ဆောင်ရွက် ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မီးသတ်တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်၏ အရန်အင်အားများ ဖြစ်ကြောင်း၊ လိုအပ်လာလျင် သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြရကြောင်း၊ ပြီးခဲ့သည့်မိုခါမုန်တိုင်းကျရောက်စဉ်ကာလတွင်လည်း မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ဒေသ၏ အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ခဲ့ကြကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ခြင်းအပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပြည်နယ်မီးသတ်တပ်ဖွဲ့ အပြင် နိုင်ငံအတွင်းရှိ မီးသတ်တပ်ဖွဲ့ ဝင်များအားလုံး ပူးပေါင်းဆောင်ရွက်ခဲ့မှုအပေါ်တွင်းလည်း နိုင်ငံတော်အကြီးအကဲက မှတ်တမ်းတင် ဂုဏ်ပြုခဲ့ကြကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် စနစ်တကျဆောင်ရွက်နိုင်ရန် လေ့ကျင့်မှုရှိရ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်ဖွဲ့ဝင်များအနေဖြင့် အမြဲတမ်းလေ့ကျင့် ဆောင်ရွက်နေရန်လိုကြောင်း၊ ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ နည်းစနစ်များ၊ စက်ယန္တရားများ၊ အထောက်အကူ ပြုပစ္စည်းများ တိုးတက်ပြောင်းလဲလာခြင်းကြောင့် အမြဲလေ့ကျင့်နေရန်လိုကြောင်း၊ လေ့ကျင့်မှုကောင်းမှ ကျွမ်းကျင်လာမည်ဖြစ်ပြီး ကျွမ်းကျင်ပိုင်နိုင်သည့်လုပ်ငန်းတစ်ခုကို လုပ်မည်ဆိုလျင် ပိုင်ပိုင်နိုင်နိုင် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ပေးအပ်သည့်မည်သည့်တာဝန်ကိုမဆို စနစ်တကျဆောင်ရွက်သည့် စိတ်ဓာတ်ဖြစ်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် လေ့ကျင့်မှကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်မည် ဖြစ်ကြောင်း၊ တစ်ဦးချင်းတစ်ယောက်ချင်း လုပ်ကိုင်ရသည်များရှိသကဲ့သို့ အဖွဲ့လိုက်လုပ်ဆောင်ရသည့် ကိစ္စများရှိသည့်အတွက် တစ်ယောက်နှင့် တစ်ယောက် ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုများဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြိမ်းသတ်ဆိုသည့် ဥပဒေအတိုင်း ယခုခေတ်တွင် နည်းပညာများတိုးတက်လာခြင်းကြောင့် မြန်မြန်သိနိုင်အောင် ပထမဆုံးသတင်းအချက်အလက်ကို သိရှိနိုင်ရန်နည်းလမ်းပေါင်းစုံဖြင့် ချိတ်ဆက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သိပြီးမြန်မြန်သွားနိုင်အောင် စက်ယန္တရားများကြံ့ခိုင်အောင်၊ သင့်လေးသင့်ဖြင့် ဆောင်ရွက်ထားနိုင်ရမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကျရောက်သည့်အခါ အချိန်သည် အလွန်အရေးကြီးသည့်အတွက် မြန်မြန်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ မီးငြှိမ်းသတ်မည်ဆိုလျင်လည်း ကျွမ်းကျင်သော မီးငြှိမ်းသတ်စနစ်များ၊ ရှာဖွေကယ်ဆယ်ရေးဆိုလျင်လည်း ခေတ်မီသော စက်ယန္တရားများရှိရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်ကလည်း ကျွမ်းကျွမ်းကျင်ကျင်ရှိမည်ဆိုလျင် ပြည်သူက အားကိုးသည့် တပ်ဖွဲ့ဝင်များဖြစ်လာမည်ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များသည် ပြည်သူကို အထောက် အကူပြုသည့် လုပ်ငန်းဖြစ်ခြင်းကြောင့် များစွာအကျိုးရှိကြောင်း၊ မိမိကကျွမ်းကျင် ပိုင်နိုင်မှုရှိမည်ဆိုလျင်၊ မြန်မြန်မီးငြှိမ်းသတ်နိုင်မည်ဆိုလျင် ပြည်သူများ၏ ဆုံးရှုံးမှုများကို ကယ်တင်ပေးသည့်အတွက် အလွန်ကောင်းမွန်သည့်လုပ်ငန်းဖြစ်ကြာင်း၊ ထို့ကြောင့်အမြဲတမ်းလေ့ကျင့်ပါ၊ ကျွမ်းကျင်မှုရှိ အောင်လုပ်ကြပါ၊ အတွေ့အကြုံရှိသူများထံမှ သင်ယူကြပါဟုပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သရုပ်ပြသကြသည့်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ပြီး ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ခင်းကျင်းပြသထားမှုကို လိုက်လံကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)