ဝမ်းတွင်း ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ဝမ်းတွင်းမြို့မဈေးနှင့် သဲတောဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်အတွင်း ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာသောကြောင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးမှု မရှိစေရန် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးသတိမူရေး၊ စစ်ဆေးအကြံပြုခြင်း၊ နိုးဆော်ခြင်းများနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းက ရှင်းပြသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မြင့်နှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများတက်ရောက်ခဲ့ကာ မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)