ညောင်ဦးခရိုင်တွင် ဆီသီးဈေးနှုန်း ထပ်မံမြင့်တက်လာကာ တစ်တင်း ၁၅၀၀၀ ကျပ်ရောင်းချနေရ

ညောင်ဦး ဖေဖော်ဝါရီ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် ဆီးသီးစျေးနှုန်း  ပေါ်ဦးပေါ်ဖျား ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ် ထိ တစ်ပတ်အတွင်း ဈေးနှုန်းတက်ခဲ့ခြင်းကြောင့် ဆီးသီးရောင်းချသည့် ကျေးလက်တောင်သူများ မိသားစုဝင်ငွေ တွက်ချေကိုက်နေကြကြောင်း သိရသည်။

ညောင်ဦးခရိုင်တွင် ဒေသမျိုးရင်း ဆီးသီးပင် အမြောက်အများ ရှိကြပြီး ဆီးသီးမှည့် ကောက်ယူရောင်းချချိန် စတင်ပေါ်ချိန်က တစ်တင်း ၁၃၀၀၀ ကျပ်ဖြင့် စတင်ရောင်းချခဲ့ရရာမှ ဆီးသီးများ လှိုင်လှိုင်ပေါ်ချိန် တစ်တင်း ၁၅၀၀၀ ကျပ်စျေး ဖြစ်လာကြောင်း သိရသည်။ အညာဒေသတွင် ဆီးသီးပင်များ တပင်စိုက်ပျိုးခြင်းမရှိပဲ အလေ့ကျ ဆီးသီးပင်များအား ယာပိုင်ရှင် လယ်ပိုင်ရှင်များက ဆီးပင်များ ပြုပြင်ကာ အပွင့်ပွင့် အသီးသီး ရင့်မှည့်ချိန် ဆီးပင်အောက် ပေါင်းမြက်ရှင်းကာ ဆီးသီးကောက်ယူ ရောင်းချကြကြောင်း၊ ညောင်ဦးခရိုင်အတွင်း ကျေးလက်တောင်သူများ တောင်သူလုပ်ငန်းနားချိန်တွင် အလေ့ကျ ဆီးသီးပင်များက မိသားစုဝင်ငွေ တဘက်တလှမ်းမှ ဖြည့်ဆည်းပေးနေသည့် အလေ့ကျ ပဒေသာပင်များဖြစ်ကြောင်း၊ ဆီးသီးသီးပြီးလျှင် ဆီးပင်ဆူးကိုင်းများအား ခုတ်ကာ ယာခြံစည်းရိုး၊ လယ်ခြံစည်းရိုးအဖြစ် ခုတ်ကာကြကြောင်း သိရသည်။ ဒေသခံများ၏ ပြောကြားချက်အရ ဆီးပင်များ တစ်သီးသီးပြီးတိုင်း ခုတ်မှသာ သီးပင်များ အညှောင့်၊ အကိုင်း အထွက်သန်ကာ နောက်တကြိမ် ပြန်လည်အပွင့်ပွင့် အသီးသီးချိန် ဆီးသီးအလုံးထွားကြောင်း သိရသည်။

ညောင်ဦးခရိုင်တွင် ဆီးသီးပေါ်ကာစ တစ်တင်း ၁၀၀၀၀ ကျပ်ဖြင့်သာ ရောင်းချခဲ့ရပြီး ဆီးသီး လှိုင်လှိုင်ပေါ်ချိန် တစ်တင်း ၁၅၀၀၀ ကျပ် ဖြစ်လာခဲ့ခြင်းကြောင့် ဆီးသီးရောင်းချသူများ ဝမ်းသာနေကြကြောင်း သိရကာ ထပ်မံ၍ လည်းဆီးသီးဈေးနှုန်းတက်နိုင်ကြောင်း တရုတ်နိုင်ငံ၏ ဆီးသီးဆံဝယ်လက်များခြင်းကြောင့် ဆီးသီးလှောင်ပွဲစားများ တွက်ချေကိုက်နေကြကြောင်း သိရသည်။

ဒီပါလင်း