တပ်ကုန်းမြို့၌ နွေစပါးများပိုမိုထွက်ရှိရေး လက်စွဲကောက်စိုက်စက်ဖြင့် သရုပ်ပြသစိုက်ပျိုး

တပ်ကုန်း ဖေဖော်ဝါရီ ၁၆

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာအုပ်စု၊ ဂွေးပင်(စံပြ)ကျေးရွာတွင် စက်မှုလယ်ယာဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူပေါင်း၍ နွေစပါးများ ပိုမိုထွက်ရှိရေး လက်စွဲကောက်စိုက်စက်ဖြင့် သရုပ်ပြသစိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၊ စနစ်ကျလယ်ယာမြေ၊ ကွင်းအမှတ် (၂၀၄၄)တောင်သူ ဦးမြ၏ နွေစပါးစိုက်ကွက်တွင် ကျင်းပခဲ့သည်။

အဆိုပါသရုပ်ပြသစိုက်ပျိုးပွဲသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးနိုင်ဦး၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးထွန်းညွန့်နှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ စုစုပေါင်း ၆၅ ဦး တက်ရောက်ခဲ့ပြီး၊ ညွှန်ကြားရေးမှုး ဦးနိုင်ဦးက လက်စွဲကောက်စိုက်စက်ဖြင့် အသုံးချစိုက်ပျိုးနည်းစနစ်၏ အားသာချက်များနှင့် စပါးကောက်ကွက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စက်မှု လယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက လက်စွဲကောက်စိုက်စက်ဖြင့် လက်တွေ့စိုက်ပျိုးပေးခဲ့သည်။

တပ်ကုန်းမြို့နယ် ဆင်သေဆည်ရေလှောင်တမံတွင် ရေလှောင်ပမာဏ  ၉၁၂၃၈ ဧကပေ၊ ကင်းသာဆည်ရေလှောင်တမံတွင် ရေလှောင်ပမာဏ ၆၈ ဧကပေ ရေသိုလှောင်ထားရှိပြီး၊ မြို့နယ် အတွင်း နွေစပါးလျာထားဧက ၇၄၀၅၊ ဆောင်းသီးနှံလျာထားဧက ၂၁၂၈ စိုက်ပျိုးနိုင်ရန် ရေပေး ဝေလျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်