မော်လမြိုင် ဖေဖော်ဝါရီ ၁၆
မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၁၂) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို မြန်မာတို့၏ ထုံးတမ်းစဉ်လာအရ တပို့တွဲလတွင် ပြုလုပ်ကျင်းပကြမြဲဖြစ်ပြီး နိုင်ငံအနှံ့အပြားမှာ ခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိပါကြောင်း၊ ထမနဲထိုးပွဲတော်သည် သားစဉ်မြေးဆက် လက်ဆင့်ကမ်းသယ်ယူသွားရမဲ့ အဓိပ္ပာယ်နှင့် အနှစ်သာရပြည့်ဝတဲ့ ပွဲတော်တွေထဲက တစ်ခုအပါအဝင်ဖြစ်သည့်အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့၏ (၁၂) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပခဲ့သည့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ထမနဲထိုးအသင်းများ ပျော်ရွှင်စွာဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ယှဉ်ပြိုင်ကြစေရေးအတွက် ကဏ္ဍအလိုက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိကြရန်လိုကြောင်း၊ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီများမှ ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၁၂) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းကော်မတီများမှ မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသူများက (၁၂) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)