မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ၂၀၂၄ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ မျိုးဆက်သစ်လူငယ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၆

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ မျိုးဆက်သစ်လူငယ်အဆင့်ပြိုင်ပွဲ၏ ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ (၉) မိုင်ပြည်လမ်းရှိ မြန်မာဂေါက်သီးရိုက်အသင်း၌ ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ Junior Golf Myanmar (JGM)၊ မြန်မာဂေါက်သီးရိုက်အသင်းမှ အမှုဆောင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နာယက ဦးအောင်ကြည်၊ ဥက္ကဋ္ဌ ဦးကိုကိုအေး၊ မြန်မာဂေါက်သီးရိုက်အသင်းဥက္ကဋ္ဌ ဒေါက်တာချိုထွန်း၊ Junior Golf Myanmar (JGM) ဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ကိုကိုချစ်၊ ဗဟိုအလုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်း၊ Junior Golf Myanmar (JGM) ဒုတိယဥက္ကဋ္ဌ ဦးရန်အောင်မိုးနှင့် မြန်မာဂေါက်သီးရိုက်အသင်းဒုတိယဥက္ကဋ္ဌ ဦးအေးကိုကိုစိုးတို့က အလှည့်ကျဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲကို မျိုးဆက်သစ်ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့်အတန်း တိုးတက်လာစေရန်နှင့် နိုင်ငံတကာအဆင့်မှီ ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ပြိုင်ပွဲကို ရန်ကုန်မြို့ (၉) မိုင်ပြည်လမ်းရှိ မြန်မာဂေါက်သီးရိုက်အသင်း၌ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ဝါသနာရှင်အဆင့် (အမျိုးသား၊ အမျိုးသမီး)နှင့် ဝါသနာရှင်အဆင့် သက်ကြီးတန်းပြိုင်ပွဲများကို ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း) တွင် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)