ဒဂုံမြို့သစ်ခရိုင်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ အောင်မြင်စွာကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဒဂုံတောင် ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာကောက်ယူနိုင်ရေး  ခရိုင်အဆင့်သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၁)နာရီက ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကိုက ခရိုင်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဒဂုံမြို့သစ်ခရိုင်ဦးစီးမှူးက သန်းခေါင်စာရင်းအဓိပ္ပာယ်၊ ကောက်ယူရခြင်းရည်ရွယ်ချက် အချိန်သတ်မှတ်မှု၊ သန်းခေါင်စာရင်းသမိုင်းကြောင်း၊ အသုံးဝင်ပုံများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် သန်းခေါင်စာရင်းကောက်ယူရေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားပြီး  ကောက်ကွက်များတွင် စာရင်းစစ်၊ စာရင်းကောက်များတာဝန်ပေးနိုင်ရေး၊ သင်တန်းများဖွင့်လှစ်ပေးနိုင်ရေး၊ Mobile ဖုန်းနှင့် Tablet များကို အသုံးပြု၍ ကောက်ခံနိုင်ရေးအတွက် နည်းပညာကျွမ်းကျင်သော ဝန်ထမ်းများ၊ Volunteer များရရှိရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် အစည်းအဝေးသို့တက်‌ရောက်လာ‌သည့် ပညာရေးဌာနတာဝန်ရှိသူများက သိရှိလိုသည်များ‌မေးမြန်းကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုက ရှင်းလင်း‌ဆွေးနွေးပြောကြားသည်။

အစည်းအဝေးသို့ ခရိုင်အဆင့်သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

သန်းသန်းအေး