ညောင်ဦး ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာ၊ သူကောင်းတည်ကျေးရွာ၊ ကတောကျေးရွာ၊ အထက်ညဉ့်ကျေးရွာများမှ ဒေသခံတောင်သူများသည် မြေအောက်ရေအသုံးပြု၍ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်ကြပြီး သီးနှံအမျိုးမျိုး စိုက်ပျိုးလျက်ရှိရာ ဗမာဆေးရွက်ကြီးများ အောင်မြင်ဖြစ်ထွန်းလျက် ဈေးကောင်းရရှိနေကြောင်း သိရသည်။
ကျွန်တော်တို့ကျေးရွာတွေက အစဉ်အဆက်စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်လာကြတာဖြစ်ပြီး တစ်မိုးကောင်း တစ်ချောင်းစီး မျှော်စရာမလိုဘဲမြေအောက်ရေကို အသုံးပြုစိုက်ပျိုးလာကြတာ ရာသီအလိုက် စိုက်ပျိုး လုပ်ကိုင်နေသော ကျေးရွာများဖြစ်သည်နှင့်အညီ ယခုအခါ မြန်မာဆေးရွက်ကြီးခေါ်ဗမာဆေးရွက်ကြီး စိုက်တောင်သူများအောင်မြင်ဖြစ်ထွန်းလျက်ဈေးကောင်းရရှိနေကြသည်။ ဗမာဆေးရွက်ကြီးများကို ဝါဆို၊ ဝါခေါင်လ များတွင်ပျိုးစတင်ထောင်ကြပြီး ပျိုးထောင်ချိန်မှ အပင်ပေါက်ချိန်ထိနှစ်လခန့်ကြာမြင့်ကြောင်း တော်သလင်းလ၊ သီတင်းကျွတ်လတွင်အပင်ခွဲစိုက်ကြပြီး ရေသွင်း၊ ပေါင်းသင်၊ မြေတောင်မြှောက်ပေးနေရကာ အပင်ကြီးထွားလာချိန် အရွက်များအသားတင်လာစေရန်အပင် အခြေအနေပေါ်မူတည်ပြီးခေါင်ညွှန့်ချိုးပေးရသည်။ အောက်ဆုံးအရွက်ရင့်မှစကာ နှစ်ရက်သို့မဟုတ်သုံးရက်ခြားကာ အရွက်များစတင်ခူးရပြီး ခူးပြီးသည့် အရွက်များ အစိုတစ်ပိဿကျပ် ၈၀၀၊ အစိုမရောင်းချင်လျှင် အခြောက်ရောင်းချကြောင်း၊ အခြောက်လှန်းရန်အတွက် ကွင်းပြင်ကျယ်လိုအပ်ကာ ကွင်းပြင်ကျယ်တွင် ဆေးရွက်ကြီးအရွက်များတရွက် ခြင်း ဖြန့်ခင်းနေလှန်း အခြောက်ခံရသည်။ ဗမာဆေးရွက်ကြီး အခြောက်တစ်ပိဿာလျှင် ၃၅၀ဝ ကျပ် ရောင်းချရကြောင်း သိရသည်။ တပေါင်း၊ တန်ခူးလတို့တွင်ဆေးရွက်ကြီးလုပ်ငန်းသိမ်းကြပြီး ဝါးပိုများ၊ ဝါးပုတ်များဖြင့် တစ်ရွက်ချင်းထပ်ပြီး ပြီးလှောင်ကြထားသည်။ ဆေးရွက်ကြီးပွဲစားများဆင်းဝယ်ချိန်ဈေးနှုန်းရရှိကာ လုံးကြီးခဲကြီးငွေရရှိသောကြောင့် ဆေးရွက်ကြီးစိုက်တောင်သူများ အဆင်ပြေနေကြကြောင်း ဒေသခံဆေးရွက်ကြီး စိုက် တောင်သူများကပြောပြသည်။
ဆေးရွက်ကြီးစိုက်တောင်သူများ ယခုနှစ်တွင် ညောင်ဦး-မြင်းခြံလမ်းဘေးဝဲယာတွင် အမြာက်အများ စိုက်ပျိုးထားကာ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။
ကိုထိန်၊ ငါ့သရောက်