ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များတွင် မီးသတ်ဆေးဘူးလှူဒါန်းခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းများဆောင်ရွက်

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်လင်းနှင့် တပ်ဖွဲ့ဝင်များသည်၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပေးခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်နည်း သင်ကြားပြသခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြည်တော်သာရပ်ကွက်ရှိ စိန်ရတနာ စာသင်တိုက်သို့သွားရောက်၍ မီးသတ်ဆေးဘူး လှူဒါန်းခြင်း၊ အသုံးပြုနည်း ပြသခြင်းနှင့် မီးဘေးကြိုတင် ကာကွယ်ရေး စစ်ဆေးအကြံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စိန်ရတနာစာသင်တိုက်သို့ သွားရောက်၍ တိုက်အုပ်ဆရာတော်ထံသို့ ကျောင်းတိုက်တွင် အသုံးပြုနိုင်ရန် 3Kg မီးသတ်ဆေးဘူး ၁ ဘူးအားကပ်လှူ၍ မီးသတ်ဆေးဘူး အသုံးပြုနည်းများကို ရှင်းလင်းပြသကြသည်။ ယင်းနောက် ကျောင်းတိုက်အတွင်း မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုနှင့် အရေးပေါ် မီးငြှိမ်းသတ်ရန် လိုအပ်သည့် မီးဘေးကာကွယ်ရေးပစ္စည်းများနှင့် မီးသတ်ရေငုတ်/ရေကန်များထားရှိရေးတို့ကို အကြံပြု လျှောက်ထားခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)