မိုင်းယောင်းမြို့၌ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးအသိပညာပေး

မိုင်းယောင်း ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့တွင် တာဝန်ရှိသူများက စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်များသို့ သွားရောက်ကာ စားသောက်ကုန်ပစ္စည်းများ ရောင်းချရာ၌ ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် သက်တမ်းလွန်နေသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ တရားမဝင် လူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လူသုံးကုန်နှင့် စားသောက်ကုန်လုပ်ငန်းရှင်များအား ဒေသခံပြည်သူများ ကျန်းမာရေးဘေးကင်းလုံခြုံစေရေးအတွက် တားမြစ်ထားသော လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို ကုန်စုံဆိုင်များတွင် ရောင်းချခြင်းမပြုရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

နန်းစီဖေါင်း(ပြန်/ဆက်)