အာလူးဈေးကောင်းမွန်နေခြင်းကြောင့် ရေသွင်းအာလူးစိုက်ပျိုးသည့် တောင်သူများပြား

နောင်တရား ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ အာလူးစိုက်တောင်သူများ အာလူးဈေးနှုန်းပုံမှန်အနေအထားတွင် ရှိနေခြင်းကြောင့် အာလူးစိုက်တောင်သူများ ရေသွင်းအာလူးကို ပိုမိုစိုက်ပျိုးကြကြောင်း အာလူးစိုက်ပျိုးနေသည့် တောင်သူတစ်ဦးထံမှ သိရသည်။

နောင်တရားဒေသတွင် မိုးကြို၊ စက (မိုးနှောင်း) ၊ ရေးသွင်းအာလူးစသည်ဖြင့် အာလူးကို သုံးသီး စိုက်ပျိုးကြသည်။ မိုးကြိုအာလူးကို မေလနှင့် ဇွန်လတွင်လည်းကောင်း၊ စက (မိုးနှောင်း) ကို စက်တင်ဘာလနှင့် အောက်တိုဘာလတွင်လည်းကောင်း၊ ရေသွင်းအာလူးကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင်လည်းကောင်း စိုက်ပျိုးကြသည်။ “၂၀၂၄ ခုနှစ်မှာ အာလူးစိုက်ပျိုးရေးစရိတ်ကြီးတယ်လို့ ပြောလို့ရပေမယ့် အာလူးအရွယ်အစားပေါ်မူတည်ပြီး အာလူးဈေးက ကျပ် ၂၅၀၀ မှ ၄၀၀၀ အထိ ဈေးတည်တည်ငြိမ်ငြိမ်နဲ့ ရှိနေတော့  အာလူးစိုက်တောင်သူတွေ ပိုပြီးစိတ်ဝင်စားကြတယ် ပြီးတော့ ရေသွင်းအာလူးက မှိရောဂါ၊ ပင်ညိုးရောဂါ တွေမရှိတော့အရှုံးမရှိဘူး အကျိုးအမြတ် သေချာတယ်၊ အာလူးဈေးနှုန်းကိုသာ စားသုံးသူတွေ ပုံမှန်ဝယ်စားနိုင်မည့်ဈေး၊ စိုက်ပျိုးတောင်သူတွေ ပိုမှန်အကျိုးအမြတ်ရနိုင်မည့် ဈေးကိုသာ တောင်သူအများစုက လိုလားကြပါတယ်” ဟု သာယာအုန်းကျေးရွာမှ အာလူးစိုက်တောင်သူ တစ်ဦးကပြောသည်။

“ဒီနှစ်နွေရာသီ ရေသွင်းအာလူးအတွက် တောင်သူတွေမှာ မျိုးကောင်းမျိုးသန့် မျိုးအာလူးလိုအပ်ချက်များတယ်၊ မျိုးအာလူးကို နယ်သာလန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်နှင့် တရုတ် စသည့်နိုင်ငံများမှ တင်သွင်းလာတဲ့ မျိုးအာလူးများကို အောင်ပန်းပွဲရုံမှတဆင့် တောင်သူတွေ လက်ထဲရောင်းပေးပါတယ် ဒီနှစ်မှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှ မျိုးတွေအဝင်နည်းပါတယ် အများဆုံးဝင်တာကတော့ တရုတ်မျိုးတွေပေါ့” ဟု မျိုးအာလူးများကို ရောင်းချပေးနေသည့် ကုန်သည်တစ်ဦးထံမှ သိရသည်။

အာလူးစိုက်တောင်သူများက မျိုးကောင်းမျိုးသန့်အာလူးမျိုးရရှိရန် ပိုမိုလိုလားကြပြီး ယနေ့အထိ ယခင်မျိုးရင်းအားလူးများကို စိုက်ပျိုးသည့်တောင်သူများက အထွက်နှုန်းလျော့ကျ ပြီး မျိုးသစ်အာလူးများကို စိုက်ပျိုးသည့် တောင်သူများက အထွက်နှုန်းပိုမိုရရှိနေသည်။ အာလူးသီးနှံသည် အခြားသီးနှံများနှင့် နိုင်းယှဉ်ပါက ဝင်ငွေပိုမိုရရှိသည့် သီးနှံဖြစ်သည့်အတွက် စိုက်ပျိုးရေးတောင်သူများက ပိုမိုစိတ်ဝင်စားကြကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)