ဒလမြို့နယ်တွင် ဥပ္ပါတသန္တိပရိတ်တော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကျင်းပ

ဒလ ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၅ နာရီ မိနစ် ၃၀ အချိန်က ဓနုတ်စံပြကျေးရွာရှိ သမိုင်းဝင်ကျိုက်ဓနုတ် ဆံတော်ရှင်စေတီတော်မြတ်ကြီး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ဆရာတော်ဘဒ္ဒန္တဥတ္တမမှ စိန်ရောင်ခြည်ဘုရားပင့်ဂါထာဖြင့် ဘုရားပင့်ပူဇော်ခြင်းနှင့် ဆရာတော်အရှင်အာစာရမှ နတ်ဗြဟ္မာများအား ပင့်ဖိတ်၍ ကန်တော့ပွဲပေးအပ်သည်။ ဆက်လက်၍ ဒလမြို့နယ်သံဃာ့ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဣကသာရာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်၊သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးရွှေလှိုင်၊ ဌာနဆိုင်ရာအကြီးအကဲများမှ လှူဖွယ်သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ရတနာမြတ်သုံးပါး ဂုတ်တော်ရွတ်ဖတ်ပူဇော်၍ သံဃာတော် အရှင်သူမြတ်များက ဥပ္ပါတသန္တိသုတ်တော်အား ရွတ်ဖတ်ပူဇော်ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးရွှေလှိုင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့တို့တက်ရောက်ခဲ့ကြပြီး ဆရာတော်အရှင်သူမြတ်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါ ဥပ္ပါတသန္တိပရိတ်​​တော် ရွတ်ဖတ်ပူဇော်ပွဲကို (၁၅.၂.၂၀၂၄) မှ (၁၇.၂.၂၀၂၄) အထိ (၃) ရက်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်ဇော် (ပြန်/ဆက်)