စဉ့်ကူး ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးပြီး ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲများ ဖြေဆိုနိုင်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်၏ ဦးဆောင်မှုဖြင့် စဉ့်ကူးမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးချမ်းပြည့်ကျော်နှင့် ဝန်ထမ်းများက စာသင်ကျောင်းတွင် အရေးပေါ်မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကတ်များ၊ ရေပုံးများ၊ သဲအိတ်များ၊ ရေအိတ်များနှင့် မီးသတ်ဆေးဘူးများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အရေးပေါ် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ရေလုံလောက်စွာ ရရှိနိုင်ရေးအတွက် ရေသိုလှောင်ကန်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများအား အသိပညာပေး ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများအား မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော မတော်တဆမှုများ ဖြစ်ပွား ပေါ်ပေါက်လာပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ပေးလျက်ရှိရာ မီးဘေးမဖြစ်ပွားစေရေးနှင့် မီးလောင်မှုကြီးများ မပေါ်ပေါက်စေရေးအတွက် မီးသတိမူရေး၊ မီးဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)