မင်္ဂလာဒုံစက်မှုဇုန် DYC ရှူးဖိနပ်စက်ရုံတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်

မင်္ဂလာဒုံ ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်မှ မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်၊ မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုများမရှိစေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို မင်္ဂလာဒုံစက်မှုဇုန် DYC ရှူးဖိနပ်စက်ရုံတွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်ခိုင်က DYC ရှူးဖိနပ်စက်ရုံမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများအား မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်တာဝန်ကြီး (၄) ရပ်၊ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသတ်ဆေးဘူး၏ အချက်အလက်များနှင့် အသုံးပြုပုံတို့ကို ရှင်းလင်းပြောကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်ခိုင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်တပ်ဖွဲ့ဝင်များက DYC ရှူးဖိနပ်စက်ရုံတွင် မီးဘေးလုံခြုံရေးစစ်ဆေးပေးခဲ့ပြီး မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကိုယ်တိုင်မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်နည်းဇာတ်တိုက်လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

ဌေးလင်း