မုဒုံ ဖေဖော်ဝါရီ ၁၆
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အစားအစာဘေးကင်းလုံခြုံစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသောပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် ယမန်နေ့နံနက် ၉ နာရီက ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်လမြိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် တာဝန်ရှိသူများက မြို့မစျေးနှင့် မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ စားသောက်ကုန်ပစ္စည်းများ ရောင်းချရာတွင် ပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရေး FDA မှ စားသုံးရန်မသင့်သည့် တားမြစ်စားသောက်ကုန်နှင့် သက်တမ်းလွန်သော ပစ္စည်းများ ရောင်းချခြင်း ရှိ/ မရှိ၊ တရားမဝင်လူသုံးကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများက စျေးဆိုင်ပိုင်ရှင်များအားတွေ့ဆုံ၍ တားမြစ်ပစ္စည်းများ ရောင်းချခြင်းပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)