ငါန်းဇွန်မြို့ အမှတ်(၁)အ.မ.က၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ငါန်းဇွန်  ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ မြင့်မားရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချိုမြင့်ကြည်က “ကလေးအလုပ်သမားပပျောက်ရေး”ခေါင်းစဉ်ဖြင့် ကလေးသူငယ်နှင့်ကလေးအလုပ်သမားတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးလုပ်သား ဖြစ်ရခြင်းအကြောင်းများ၊ ကမ္ဘာပေါ်နှင့် မြန်မာနိုင်ငံတွင် ကလေးလုပ်သားပေါင်း မည်မျှရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးလုပ်သားပပျောက်ရေးနှင့် ပတ်သက်ပြီး ဉပဒေပြဌာန်းချက်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးများကို ခိုင်းစေခြင်းများအကြောင်း၊ ကလေးလုပ်သားပပျောက်ရန် လုပ်ဆောင်နေမှုများ စသည့် အကြောင်းအရာများကို ကျောင်းသား/သူများအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့် တားမြစ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါဝင်မှုရှိမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားသည်။

ထို့နောက် စာသင်ခန်းအတွင်း၌ ကလေးအလုပ်သမား ပပျောက်ရေး ပူးပေါင်းကာကွယ် စောင့်ရှောက်ပေး နံရံကပ်စာစောင်များအား ပြသရာ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)